မော်လမြိုင်၊ ဖေဖေါ်ဝါရီလ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)နှင့် မွန်အမျိုးသားပါတီ(MNP)တို့၏ ပေါင်းစည်းရေးအခြေအနေ ကို လာမည့်ဖေဖေါ်ဝါရီလ တတိယအပတ်တွင် လူထုရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူ များက အတည်ပြုပြောကြားသည်။

“မွန်အမျိုးသားနေ့ပြီးရင် နှစ်ဖက်ပါတီထိပ်သီးတွေ့ဆုံဆွေးနွေးမယ်။ ဒီကြားထဲမှာလည်း ဖွဲ့စည်းပုံတွေကို ပါတီကိုယ်စားလှယ်တွေက ညှိနှိုင်းနေကြတယ်။ လာမယ့် တစ်ပတ်နှစ်ပတ်လောက်မှာ နှစ်ပါတီအတူတူ မြို့နယ်တွေကို ဆင်းပြီးတော့ နှစ်ပါတီပေါင်းစည်းရေးကို ပြည်သူကျေနပ်လောက်တဲ့အထိ ပြည်သူတွေရဲ့ရှေ့မှာ ပေါင်းစည်းရေးအောင်မြင်အောင် ပြည်သူတွေရဲ့ မေးမြန်းချက်တွေ စသဖြင့် ပြန်လည်ဖြေကြားမယ်။ ဖေဖော်ဝါရီ တတိယအပတ်လောက်မှာ ဖြစ်နိုင်မယ်”ဟု MNP တွဲဖက်အတွင်းရေးမှူး(၁) နိုင်စိုးမြင့်က ပြောကြားသည်။

မွန်ပါတီ နှစ်ရပ် ပေါင်းစည်းရေးကိစ္စအတွက် ၂၀၁၂ ခုနှစ်မှ စတင်ကြိုးပမ်းလာခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ပေါင်းစည်းနိုင်သော်လည်း ရာခိုင်နှုန်းအပြည့်ပေါင်းစည်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ယနေ့အချိန်အခါ၌ မွန်အမျိုးသားနိုင်ငံရေးလုပ်ဆောင်နေကြသူများအားလုံး မွန်သံဃာတော်များနှင့် မွန်ပြည်သူများ၏ ဆန္ဒအတိုင်း နှစ်ပါတီ ရာနှုန်းပြည့် ပေါင်းစည်းနိုင်ရေး ဖော်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်စိုးမြင့်က ရှင်းပြသည်။

ပါတီနှစ်ခု၏ ဖွဲ့စည်းပုံစည်းမျဉ်းစည်း ကမ်းများကို နှစ်ဖက် သုံးဦး ကိုယ်စားလှယ်များက ဇန်နဝါရီလ ၂၂ ရက်က ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး လာမည့် အပတ်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း MNDP တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောကြားသည်။

“နှစ်ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေကိုလည်း ဆွေးနွေးညှိနှိုင်းကြတယ်။ သဘာတူထားတဲ့ဟာတွေက နောက်အပတ်ကျရင် ကျွန်တော်တို့ အတည်ပြုမယ်။ တူညီတဲ့ဟာတွေကို ပြန်စု ၊ မတူညီတဲ့ဟာကို ပြန်ဖယ်၊ နှစ်ဖက်ညှိနှိုင်းပြီးတော့ အဲဒါကိုလာမယ့်အပတ်မှာ ဆုံးဖြတ်မယ်။ နောက်ပြီးတော့ နှစ်ပါတီပူးပေါင်းပြီးတော့ မြို့နယ်အ က် ဆင်းပြီးတော့ ကျွန်တော်တို့ရှင်းလင်းပွဲလုပ်မယ်။ လူထုက မေးမြန်းလာတဲ့ဟာတွေအားလုံးကို ကျွန်တော်တို့ ပြန်လည်ဖြေကြားပေးသွားမယ်”ဟု နိုင်စံတင်က ပြောသည်။

ယခုကဲ့သို့ ပေါင်းစည်းရေးကိစ္စနှင့်ပတ်သက်၍ ကြားခံညှိနှိုင်းပေးသည့်အဖွဲ့မပါဘဲ ပါတီအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကြိုးပမ်းသွားရန် ၂၀၁၇ ခုနှစ် ဇွန်လက နှစ်ဖက်ပါတီတို့က ထုတ်ဖော်ပြောကြားခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ (၈) ရက်တွင် ပထမဆုံးအကြိမ် နှစ်ပါတီ တွေ့ဆုံခဲ့ကာ ယခုအချိန်တွင် စုစုပေါင်း ခြောက်ကြိမ်မြောက် တွေ့ဆုံညှိနှိုင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Written by ရွှေရိုး

Leave a Reply