မွန်နှစ်ပါတီ၏ အမည်သစ်ကို ဇူလိုင် တတိယအပတ်တွင် ရွေးချယ်မည်

မော်လမြိုင်၊ ဇူလိုင်

မွန်နိုင်ငံရေးပါတီများဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ( AMDP) နှင့် မွန်အမျိုးသားပါတီ (MNP)တို့၏ ပါတီအမည်သစ်ကို ဇူလိုင်တတိယအပတ်တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူများက ဟင်္သာမီဒီယာသို့ အတည်ပြုသည်။

ပါတီအမည်သစ်အတွက် ရဟန်းရှင်လူ ပြည်သူများက ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ သဘောထားများ ပေးကြရန် နှစ်ဖက်ပါတီမှ ၎င်းင်းတို့၏ လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာမှတစ်ဆင့် တိုက်တွန်းထားသည့်အပြင် မြို့နယ်အသီးသီးရှိ ပါတီဝင်များကို လည်းညွှန်ကြားထားသည်။

“ကျွန်တော်တို့အကြံပြုချက်တောင်းထားတယ်၊ အဲဒီတော့မွန်ပြည်သူတွေပေးတဲ့ အကြံပြုချက်အတိုင်း အမည်သစ်ကိုရွေးချယ် အတည်ပြုသွားမယ်”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုုး နိုင်လယိတမက ဆိုသည်။

ယခုအခါ ပါတီအမည်သစ်ကို သတ်မှတ်ထားခြင်း မရှိသော်လည်း ဇူလိုင် ၂၁ ရက်၌ နှစ်ဘက်ပါတီခေါင်းဆောင်တို့၏ စတုတ္ထအကြိမ် တွေ့ဆုံပွဲတွင် အတည်ပြုမည်ဖြစ်၍ မွန်ပြည်သူများ၏ဆန္ဒ ပြည့်ဝသွားတော့မည်ဟု ၎င်းက ပြောဆိုသည်။

“အခုက တစ်ခုစ နှစ်ခုစပဲရောက်သေးတယ် ကျွန်တော်တို့အနေနဲ့ အဲ့ဒီပေါ်ကိုကြည့်ပြီးမှ ပါတီအမည်သတ်မှတ်သွားမယ် အဓိက စာနဲ့ပို့ရင် ပိုကောင်းတာပေါ့” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှုုး နိုင်စံတင် ကပြောသည်။

ပါတီအမည်သစ်နှင့် သတ်မှတ်ထားသည့် မူဘောင်အတိုင်းပေါင်းစည်းရန် အပြီးဆောင်ရွက်သွားမည်ဖြစ်၍ ပေးပို့လာသည့် အမည်သစ်ပေါ်မှာ သက်ဆိုင်ရာပါတီဝင်များကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

ထို့အပြင် ပါတီဖွဲ့စည်းပုံစည်းမျဉ်းမှာ အမည်၊ အလံ၊ တံဆိပ်တို့ကိုလည်း ညှိနှိုင်းသတ်မှတ်ရန် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောသည်။

မွန်နှစ်ဖက် ပါတီ ခေါင်းဆောင်များသည် ဇွန် ၃၀ ရက်က AMDP ပါတီရုံးမှာ နှစ်ပါတီပေါင်းစည်းရေးအတွက် တတိယအကြိမ် တွေ့ဆုံထားသည်။

Written by ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.