Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်နိုင်ငံရေး ပါတီများဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့သည် နှစ်ပါတီ ပေါင်းစည်းရေးအတွက် ၈၀ ရာခိုင်နှုန်း အောင်မြင်သွားပြီးဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုုး နိုင်လယိတမက ဟသ๎ာမီဒီယာသို့ အတည်ပြုပြောကြားသည်။

“နှစ်ပါတီဘယ်တော့ပေါင်းဖြစ်မလဲဆိုတာ ဒီလာမယ့်ဇွန် ၃၀ ရက်နေ့ပါတီတာဝန်ခွဲဝေတဲ့ကိစ္စက ဆွေးနွေးလို့ပြီးပြတ်သွားရင် ပေါင်းစည်းသွားပြီလို့ယူဆလို့ရပြီ” ဟု ၎င်းက ဆိုသည်။

နှစ်ပါတီ ပေါင်းစည်းပြီးပါက ပါတီအမည်သစ် တစ်ခု သတ်မှတ်ရန်နှင့် နိုင်ငံရေး ပါတီ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်ကို တရားဝင် မှတ်ပုံတင်တော့မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နှစ်ပါတီ ပေါင်းစည်းရေးအတွက် ဇွန် ၂၄ရက်က မော်လမြိုင်မြို့ရှိ AMDP ပါတီရုံးမှာ နှစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံပြီးနောက် ဘုံသဘောတူညီချက် ငါး ချက်ရရှိထားပြီ ဖြစ်သည်။

ဘုံသဘောတူညီချက်ငါးချက်မှာ မဟာမိတ်ဖွဲ့ရေး၊ ရွေးကောက်ပွဲ ကိစ္စ၊ နှစ်ပါတီပေါင်းစည်းပြီးလျှင် အားလုံးပါဝင်နိုင်ရေးအတွက် အကောင်ထည်ဖော်ခြင်း၊ နှစ်ပါတီအမည်ဟောင်းကို ဖျက်သိမ်းပြီး ပါတီအမည်သစ်ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေမှု အပိုင်းတို့ ပါဝင်သည်။

ထို့အပြင် ဇွန် ၃၀ ရက်တွင်လည်း နှစ်ပါတီ ပါတီ တာဝန်ခွဲဝေရေးအတွက် နှစ်ဖက် ခေါင်းဆောင်များသည် မော်လမြိုင်မြို့ရှိ AMDP ပါတီရုံးမှာ ထပ်မံ တွေ့ဆုံသွားဖို့ ရှိနေသည်။

“ကျွန်တော်တို့ အခု နှစ်ပါတီ ပေါင်းဖို့ ဆွေးနွေးနေတယ်။ ဘယ်တော့လောက် ပေါင်းဖြစ်မလဲတော့ သေချာ မပြောနိုင်သေးဘူး၊ ပေါင်းဖြစ်ဖို့က သေချာပါတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေဒီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ကျန်ရစ်က ဆိုသည်။

အဆိုပါ ပါတီနှစ်ခုသည် ပြီးခဲ့သည့် လပိုင်းက နှစ်ပါတီ ပူးပေါင်း၍ ဖက်ဒရယ်ဆိုင်ရာ သင်တန်းကို မုဒုံမြို့နယ်တွင် လုပ်ဆောင်ခဲ့သည်။

Written by ဂေထော

Advertisements
<

Leave a Reply