Advertisements

(မွန်ပါတီ ပေါင်းစည်းရေး ရေချိန်)

လာမည့် သြဂုတ် ၂၁ ရက်တွင် မွန်တစ်ပါတီတည်း ဖြစ်ရေးအတွက် တွေ့ဆုံပွဲ တစ်ခု ရှိနေ၏။
ထိုတွေ့ဆုံပွဲ၌ ကျန်အချက်အလက်များကို ဆွေးနွေး၍ သဘောတူ နိုင်ခဲ့လျှင် မွန်တစ်ပါတီတည်း ဖြစ်ပြီဟု ဆိုနိုင်သည်။

ယခုလို တွေ့ဆုံပွဲသည် ပေါင်းစည်းထားသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP ၊ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့တို့၏ တတိယ အကြိမ် တွေ့ဆုံပွဲပင်။

သူတို့ ပါတီ သုံးခု၏ ဒုတိယအကြိမ် တွေ့ဆုံပွဲကို သြဂုတ် ၆ ရက်က မော်လမြိုင်မြို့ရှိ Royal Hinthar Hotel မှာ ပြုလုပ်ခဲ့ကာ သဘောတူညီချက် ငါး ချက်ရရှိထားသည်။

သဘောတူညီချက် ငါး ချက်မှာ (၁) ပေါင်းစည်းမှုနှင့် မွန်တစ်ပါတီ ဖြစ်ရေး၊ (၂) အဆင့်အလိုက် ပါဝင်မှု အရေအတွက်၊ (၃) ပါတီအမည် ၁၃ ထဲမှ အများဆန္ဒဖြင့် တစ် ခုကို ရွေးချယ် အတည်ပြုရန်၊ (၄) တစ်ပါတီဖြစ်မှုတွင် ကျန် အင်အားစုများ ပါဝင်လာရေး၊ (၅) ကျန် အချက်အလက်များကို ဆက်လက် ဆွေးနွေးရန် စသည့် အချက်များ ဖြစ်၏။

တတိယအကြိမ် တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ပေါင်းစည်းထားသော ပါတီသစ်မှ တွဲဘက်အတွင်းရေးမှူး နိုင်လယိတမ (MNP) က ယခုလို ပြောသည်။

“ပါတီအမည်သစ်ကို အတူတူတက်ရောက် အတည်ပြုသွားမယ်၊ သူတို့ဘက်က ဆွေးနွေးစရာရှိလို့ပြောလာရင် ဆက်ဆွေးနွေးသွားမယ်”ဟု ဆိုသည်။

၎င်းနှင့်အတူ မွန်အမျိုးသား ကိုယ်စားပြုပါတီ တည်ထောင်လိုသူ ၂၁ ဦး အဖွဲ့မှ ပေါင်းစည်းရေး ကော်မတီအဖွဲ့ဝင် နိုင်ရဲဇော် ယခုလို တွေ့ဆုံပွဲအတွက် မှတ်ချက်ပြု၏။

“ယေဘုယျအားဖြင့် ဆွေးနွေးလို့ကျန်တဲ့အချက်တွေရှိတယ် အဲဒီအချက်တွေကို လာမယ့် ဆွေးနွေးပွဲကျရင် ပြန်ဆွေးနွေးမယ်”ဟု ဆိုသည်။

ဆွေးနွေးရန် ကျန်ရှိသော အချက် နှစ် ချက်၊ သုံးချက် ရှိသော်လည်း လက်တလောတွင် ထုတ်ဖော်ပြောဆို၍ မရကြောင်း ၎င်းက ပြောဆိုသည်။

ပေါင်းစည်းထားသော ပါတီ နှစ်ခုက လက်ရှိအခြေအနေများနှင့်ပတ်သက်၍ သြဂုတ် ၁၃ ရက်မှာ ပေါင်မြို့နယ်တွင် အောက်ခြေ ပါတီဝင်များကို ရှင်းလင်း လုပ်ဆောင်ခဲ့သည်။

ထို့အပြင် သြဂုတ် ၁၈ ရက်တွင် မုဒုံမြို့နယ်၊ သြဂုတ် ၂၀ ရက်တွင် သံဖြူဇရပ်၌ လည်းကောင်း ရှင်းလင်းပွဲ ပြုလုပ်သွားဦးမည်ဖြစ်သည်။

၎င်းတို့နှင့်အတူ မွန်အမျိုးသား ကိုယ်စားပြု ပါတီတည်ထောင်လိုသူ အစုအဖွဲ့ကလည်း သြဂုတ် ၁၉ ရက်က မော်လမြိုင်မြို့က ဓာတုမာလာပရိယတ္တိကျောင်းတိုက်တွင် အကြံပေးအဖွဲ့နှင့် တွေ့ဆုံထားသည်။

တွေ့ဆုံရသည့် အကြောင်းအရင်းမှာ တတိယအကြိမ် တွေ့ဆုံပွဲအတွက် လူရွေးချယ်၍ ဆွေးနွေးမည့် ကိစ္စရပ်များအတွက် ဖြစ်သည်။

ထို့ကြောင့် ယခု တတိယအကြိမ် တွေ့ဆုံပွဲအတွက် မွန်နိုင်ငံရေးအစုအဖွဲ့ သုံးခု စလုံးက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီဟု ဆိုနိုင်သည်။

အင်အားစုအားလုံးပါဝင်သည့် ယခုတစ်ကြိမ်တွေ့ဆုံမူတွင် ပြီးခဲ့သည့် သဘောတူညီချက်ဖြစ်သော တာဝန်ခွဲဝေရေး၌ အဆင့်အလိုက် ပါဝင်ရေးကို အသေးစိတ် ဆွေးနွေးရန်ရှိနေသည်။

ပေါင်းစည်းထားသော ပါတီသစ်မှ တွဲဘက်အတွင်းရေးမှူး (၁) မှ နိုင်လယိတမက သဘောတူညီချက်အရ အဆင့်လိုက် ပါတီ တာဝန်ခွဲဝေမှုကို အားလုံး သဘောနိုင်သည့် အခြေအနေရောက်အောင် ဆွေးနွေး အတည်ပြုပြီးမှ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

ထိုအပြင် သြဂုတ် ၂၁ ရက်တွင် ပါတီ ပေါင်းစည်းရေး ကိစ္စအားလုံး ပြီးဆုံးပါက ပါတီသစ်ကို ပြည်သူထံ ချပြမည်ဟု ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်၌လည်း မှတ်ပုံတင်ရေးကို နှစ်လအတွင်း ဆောင်ရွက်မည်ဟု ပါတီ သုံးခုစလုံး၏ တာဝန်ရှိသူများ ကထုတ်ဖော်ပြောဆိုထားသည်။

ဂေထော

Advertisements
<

Leave a Reply