ရန်ကုန်၊ နိုဝင်ဘာ ။ ။ မွန်နိုင်ငံရေးပါတီများတွင် လူကြီးများနေရာယူမှုကများပြားနေပြီးလူငယ်များပါဝင်ဆောင်ရွက်မှုမှာအားနည်းနေသေးကြောင်းမွန်တိုင်းရင်းသား နိုင်ငံရေးသမားများကထောက်ပြ ပြောဆိုကြသည်။

mon-youth

“တခြားသောတိုင်းရင်းသားပါတီတွေမှာတည်ဆောက်နေတဲ့ နိုင်ငံရေးပုံစံနဲ့ ကျွန်တော်တို့ မွန်တွေမှာတည်ဆောက်နေတဲ့ နိုင်ငံရေးပုံစံမှာ နိုင်ငံရေးဦးဆောင်မှုကိုလူကြီးတွေကနေရာယူမှုနဲ့ လူငယ်တွေပါဝင်မှု အချိုးအစားနဲ့ ပြောရရင်တော့ ကျွန်တော်တို့ မွန်နိုင်ငံရေးပါတီမှာလူငယ်တွေပါဝင်မှုအရမ်းကိုအားနည်းနေတယ်လို့ မြင်မိတယ်။ တကယ်တမ်းရေရှည် နိုင်ငံရေးကိုတည်ဆောက်မယ်ဆိုရင် လူကြီးတွေကလူငယ်တွေကိုတွဲပြီးတော့သွားရမှာဖြစ်တယ်”ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူမင်းဇေယျကပြောသည်။

ယင်းအတွက်ကြောင့် မွန်ပါတီနိုင်ငံရေးတွင် မွန်တိုင်းရင်းသားလူငယ်များပိုမိုပါဝင်လာစေရန်အတွက် မွန်နိင်ငံရေးသမားဟောင်းကြီးများနှင့် မွန်ပညာရှင်များပူးပေါင်း၍ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် လူငယ်များအနေဖြင့် စနစ်ကျသောနိုင်ငံရေးအတွေးအခေါ်နှင့် ခိုင်မာသော နိုင်ငံရေးယုံကြည်မှုများဖြစ်ပေါ်စေရေးကိုစနစ်တကျသင်ယူလေ့လာရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်းပြောဆိုသည်။

ယင်းသို့ မွန်နိုင်ငံရေးပါတီများတွင် လူငယ်များပါဝင်မှုအားကောင်းလာစေရန် မွန်ပါတီများပူးပေါင်းရေးကိုဆောင်ရွက်နေပြီးယင်းသို့ပူးပေါင်းပြီးမှသာလူငယ်များကို ပြန်လည်သိမ်းသွင်းသွားရန် စီစဉ်ထားကြောင်းမွန်အမျိုးသားပါတီမှသိရသည်။

“မွန်နိင်ငံရေးပါတီကိုယ်နှိုက်ကိုက နှစ်ပါတီ၊ သုံးပါတီကွဲနေတဲ့အခါကျတော့ လူငယ်တွေပါဝင်မှုကအားနည်းနေတာတော့အမှန်ပဲ။ဒါကိုလည်းကျွန်တော်တို့ကုစားဖို့ ကြိုးစားနေပါတယ်”ဟုမွန်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမင်းစိုးလင်းကပြောသည်။

မွန်ပြည်နယ်တွင် မွန်အမျိုးသားပါတီအပြင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် အမျိုးသမီးပါတီ (မွန်) တို့ရှိပြီးမွန်ပါတီများကိုတစ်ပါတီတည်းပေါင်းစည်းရန် ကြိုးစားနေသော်လည်းယနေ့အချိန်ထိပေါင်းစည်းနိုင်ခြင်းမရှိသေးပေ။

Written by – ဆုမင်းကို

Leave a Reply