မွန်ပါတီများ တကယ်ပေါင်းပြီလား

သြဂုတ် ၆ ရက်က မွန်ပြည်သူများ မျှော်လင့်နေသော ဝမ်းသာစရာ သတင်းတစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုသတင်းစကားကို သူတို့ မျှော်လင့်ခဲ့သည်မှာ ခုနစ် နှစ် ကျော်ကြာခဲ့ပြီ။ အမှန်တကယ် ဖြစ်လာဖို့လည်း သူတို့ စိတ်ဆန္ဒ ပြင်းပြကြသည်။
အရင်းခံမှာ မွန်နိုင်ငံရေး ပါတီ အားလုံး တစ်ပါတီတည်း ဖြစ်လာရေးအတွက် သဘောတူညီချက် ရရှိခဲ့ပြီ ဟူသော ကြေညာချက်ကြောင့်ပင်။

ထိုနေ့က ပေါင်းစည်းထားသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသား ပါတီ (MNP) နှင့် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ ၂၁ ဦး အစုအဖွဲ့မှ တာဝန်ရှိသူများ ဒုတိယ အကြိမ် တွေ့ဆုံခဲ့ကြပြီး နောက် မွန်တစ်ပါတီတည်း ဖြစ်ရေးအတွက် သဘောတူညီချက် ငါး ချက် ရရှိခဲ့ပြီဟု ဆိုလိုက်ကြ၍ဖြစ်သည်။

ထိုအခြေအနေကို ပေါင်းစည်းထားသော ပါတီသစ်မှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က ယခုလို ပြော၏။
“နှစ်ပါတီရော ပြင်ပနိုင်ငံရေးအင်အားစု ၂၁ ဦးအဖွဲ့ပဲ ပြောပြော ဒီနေ့ရရှိခဲ့တဲ့ အခြေခံသဘောတူညီချက်က အဖွဲ့သုံးခုက တစ်ဖွဲ့တည်းဖြစ်ပြီလို့ ပြောလို့ရတယ်”ဟူ၍။
ထို့အပြင် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ (၂၁) အစုအဖွဲ့ ခေါင်းဆောင် နိုင်တလညီက “ဒီနေ့မှ သဘောတူညီမှုရရှိခဲ့တယ်၊ ဆက်ပြီး ဆွေးနွေးရဦးမယ် အတူတကွ လုပ်ဆောင်ရမယ် ဒါပေမဲ့ ဒီနေ့က ကိုယ်စားလှယ်တွေပဲ သဘောတူခဲ့တာ အသေးစိတ်မချမှတ်ရသေးဘူး”ဟု ပြောဆိုသည်။

မွန်နိုင်ငံရေး ပါတီများ ပေါင်းစည်းရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ဘဲ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ နေရာ လေး နေရာသာ အနိုင်ရခဲ့သည်။

ထိုအခြေအနေကြောင့် မွန်ပြည်သစ်ပါတီ ဦးဆောင်သော မွန်သံဃာတော်များ၊ မွန်ပညာရှင်များနှင့် ပူးပေါင်း၍ မွန်နိုင်ငံရေးပါတီများ ညီညွှတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၆ စက်တင်ဘာတွင် ဖွဲ့စည်းခဲ့သည်။
ညှိနှိုင်းရေးအဖွဲ့သည် မွန်နိုင်ငံရေး အင်အားကြီးသော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ ပေါင်းစည်းခြင်းကို အစဉ်တစိုက်ကြိုးပမ်းခဲ့ပြီး၊ ပေါင်းစည်းရေးအတွက်လည်း အကြိမ် ၅၀ ထက်မနည်း ကြိုးပမ်းခဲ့သည်။

အဆိုပါ ညှိနှိုင်းရေးအဖွဲ့ကိုမူ မွန်နိုင်ငံရေး ပါတီ နှစ် ခုက အသိမှတ် မပြုခဲ့ပေ။ထို့ကြောင့် ညှိနှိုင်းရေးအဖွဲ့သည် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မွန်ပါတီ နှစ်ခု ပေါင်းစည်းရေးကို လက်လျှော့သွားခဲ့သည်။
နောက်ဆုံးတွင် မွန်နှစ်ပါတီ ဖြစ်သော AMDP နှင့် MNP တို့၏ ပေါင်းစည်းမှု အဆင်မပြေမှုများ ဖြစ်ပေါ်ပြီးနောက် နှစ်ဖက်ပါတီမှ အလုပ်အမှုဆောင်များနှင့် ပါတီဝင် အချို့ နုတ်ထွက်မှုများ ရှိခဲ့သည်။
ထိုသို့ နုတ်ထွက်မှုများ ဖြစ်ပေါ်ပြီးနောက် မွန်နိုင်ငံရေး လှုပ်ရှားသူများနှင့် စိတ်ဝင်စားသူ ရဟန်းသံဃာအချို့က မွန်နိုင်ငံရေး ညီလာခံ ကျင်းပခဲ့ပြီး ပါတီအသစ် ဖြစ်သော မွန်အမျိုးသား ကိုယ်စားပြုပါတီ တည်ထောင်ရန် စီစဉ်ခဲ့ကြသည်။

ထိုအခြေအနေများကြောင့် မွန်နိုင်ငံရေး ပါတီနှစ်ခု ဖြစ်သော မွန်အမျိုးသားပါတီ (MNP) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) ပါတီ နှစ်ခု ပေါင်းစည်းရန် ကြိုးပမ်းလာခဲ့ပြီး လေး ကြိမ်တိုင်တိုင် တွေ့ဆုံပြီးနောက် ဇူလိုင် ၂၁ ရက်တွင် ပါတီ နှစ်ခု ပေါင်းစည်းသွားပြီးဟု ကြေညာခဲ့သည့်အပြင် ပါတီသစ်ကို အောက်ပါ လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

နှစ်ပါတီပေါင်းစည်းရေးသဘောတူညီချက်၌ ပါတီသစ် ဥက္ကဋ္ဌအဖြစ် နိုင်တင်အောင်၊ ဒုဥက္ကဋ္ဌ (၁)နိုင်လှအောင်၊ ဒုဥက္ကဋ္ဌ (၂) နိုင်ငွေသိန်း၊ ဒုဥက္ကဋ္ဌ (၃) နိုင်ချမ်းတွဲ့၊ အထွေထွေအတွင်းရေးမှုုး ဒေါက်တာမင်းနွယ်စိုး၊ တွဲဖက်အတွင်းရေးမှုုး(၁) နိုင်လယိတမ၊ တွဲဖက်အတွင်းရေးမှုုး(၂) နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှုုး(၃) နိုင်စိုးမြင့်၊ တွဲဖက်အတွင်းရေးမှုုး(၄) နိုင်သန်းရွေ၊ တွဲဖက်အတွင်းရေးမှုုး(၅) ဒေါက်တာမင်းကြည်ဝင်း တို့ကို ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည့် နိုင်တင်အောင်သည် မွန်အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်သည်။
တာဝန်ခွဲဝေမှုအပိုင်းတွင် ဗဟိုကော်မတီဝင် တစ်ဖက်အယောက် ၅၀ စီ စုစုပေါင်းအယောက် ၁၀၀၊ ယင်းထဲမှ ဗဟိုအလုပ်အမှုဆောင် ၂၂ ဦးစီ စုစုပေါင်း ၄၄ဦးဖြင့် ဖွဲ့စည်း၏။

ထိုအချိန်တွင် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူများက ညီလာခံ၌ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အတိုင်း မွန်တစ်ပါတီတည်း ဖြစ်ရေးအတွက် ပေါင်းစည်းထားသော ပါတီသစ်နှင့်တစ်ခုတည်းဖြစ်ရန် ကမ်းလှမ်းခဲ့သည်။

ထို့နောက် နှစ်ဖက် ဒုတိယအကြိမ် တွေ့ဆုံမှုအပြီး အထက်ပါ သဘောတူညီချက် ငါး ချက် ရရှိခဲ့ခြင်း ဖြစ်၏။
သဘောတူညီချက် ငါး ချက်မှာ (၁) ပေါင်းစည်းမှုနှင့် မွန်တစ်ပါတီ ဖြစ်ရေး၊ (၂) အဆင့်အလိုက် ပါဝင်မှု အရေအတွက်၊ (၃) ပါတီအမည် ၁၃ ခုထဲမှ အများဆန္ဒဖြင့် တစ် ခုကို ရွေးချယ် အတည်ပြုရန်၊ (၄) တစ်ပါတီဖြစ်မှုတွင် ကျန် အင်အားစုများ ပါဝင်လာရေး၊ (၅) ကျန် အချက်အလက်များကို ဆက်လက် ဆွေးနွေးရန် စသည့် အချက်များ ဖြစ်ပေသည်။

“ဆုံးဖြတ်ချက် ငါးချက် မှာ ကျွန်တော်တို့က ကျန်သွားမှာ စိတ်ပူတယ် အားလုံးပါဝင်နိုင်ရေးကို လိုလားတယ် အခုလုပ်နေတဲ့သူအားလုံးက မွန်မှာ နိုင်ငံရေးအင်အားစု၊ တစ်ဦးတစ်ဖွဲ့ကျန်ခဲ့တယ် တစ်သီးပုဂ္ဂလ ကျန်ခဲ့တယ် မဖြစ်စေချင်ဘူး”ဟု မွန်အမျိုးသား ကိုယ်စားပြုပါတီ တည်ထောင်လိုသူ ၂၁ ဦး အဖွဲ့မှ ပေါင်းစည်းရေး ကော်မတီအဖွဲ့ဝင် နိုင်ရဲဇော် က ဆိုသည်။
သဘောတူညီချက် ရရှိထားမှုကို မွန်ပြည်သူများနှင့် ရဟန်းသံဃာများက မည်သို့ ရှုမြင်သနည်း။

“ပါတီကြောင့် ကျေးရွာတွေမှာ သူ့ပါတီကိုယ့်ပါတီဆိုပြီး ကွဲနေကြတာလည်းအများကြီးရှိတယ် တကယ်လို့သာ သူတို့ အမှန်တကယ်ပေါင်းခဲ့ရင် ကျေးရွာမှာလည်း အဆင်ပြေလာနိုင်တယ်”ဟု မွန်နိုင်ငံရေး စိတ်ဝင်စားသူ မိထောကေချမ်းက ဆိုသည်။

၎င်းအပြင် မော်လမြိုင်မြို့ရှိ ဓာတုမာလာပရိယတ္တိစာသင်တိုက်မှ စာချဆရာတော် အရှင် နန္ဒိယက ယခုလို မှတ်ချက်ပြု၏။
“သဘောတူညီချက် ၅ ချက်မှာ နောက်ဆုံးအချက်ဖြစ်တဲ့ ဆက်ဆွေးနွေးသွားမယ်ဆိုတဲ့ စကားက ရှင်းနေတယ် တကယ်လို့ဆက်ဆွေးနွေးလို့အဆင်ပြေသွားရင် တစ်ပါတီဖြစ်လာမယ် ဆက်ဆွေးနွေးလို့အဆင်မပြေရင် သူ့ဟာနဲ့သူ ရပ်တန့်ဖို့ပဲရှိတယ်”ဟု ဆိုသည်။

မည်သို့ပင် ဖြစ်စေ ပေါင်းစည်းထားသော ပါတီသစ်မှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက သဘောတူညီချက်အရ အဆင့်လိုက် ပါတီ တာဝန်ခွဲဝေမှုကို အားလုံး သဘောတူနိုင်သည့် အခြေအနေရောက်အောင် ဆွေးနွေး အတည်ပြုပြီးမှ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

ယခုလို ပေါင်းစည်းမှု သဘောတူသွားပြီး ဖြစ်သောကြောင့် လာမည့် သြဂုတ် ၂၁ ရက်တွင် ပါတီအမည်သစ် တစ်ခုကို ထပ်မံ အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်သည်။
ပါတီအမည် အသစ်အတွက် ပေါင်းစည်းထားသော ပါတီအသစ်မှ ရွေးချယ်ထားသော အမည် ၁၀ ခုအပြင် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ ၂၁ ဦးအဖွဲ့မှ ပေးပို့ထားသော အမည် သုံး ခု ရှိနေသည်။
ထိုအမည် သုံး ခုကို မွန်ပြည်သူ၊ ရဟန်းသံဃာတို့၏ ဆန္ဒအတိုင်း ရွေးသွားမည်ဟု ဆိုကြသည်။

ထို့အပြင် သြဂုတ် ၂၁ ရက်တွင် ပါတီ ပေါင်းစည်းရေး အခမ်းအနားလည်း လုပ်ဆောင်သွားမည့်အပြင် ပါတီသစ်ကိုလည်း ပြည်သူထံ ထုတ်ပြန်သွားမည်ဖြစ်သည်။

ထိုလုပ်ငန်းစဉ် ပြီးပါက ရွေးကောက်ပွဲ ကော်မရှင်ကို မှတ်ပုံတင်မည့် ကိစ္စအား ဆောင်ရွက်သွားမည်ဖြစ်ပြီး အချိန် နှစ်လအတွင်း မှတ်ပုံတင်နိုင်အောင် လုပ်ဆောင်သွားမည်ဟု နိုင်လယိတမက ဆိုသည်။
ထိုအခြေအနေ အရပ်ရပ် အားလုံးကို ခြုံ၍ အရှင်နန္ဒိယက ယခုလို မှတ်ချက်ပြု၏။

“ဦးဇင်းအမြင်နဲ့ပြောရမယ်ဆိုရင် ပေါင်းစည်းပြီလို့မပြောဘူး ၊ပေါင်းစည်းရေးအတွက် ပါတီတည်ထောင်ဖို့အဲဒီလို အလုပ်ရှိသေးလို့ မပေါင်းရသေးဘူးလို့မြင်တယ်”ဟူ၍။

ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.