မွန်ပါတီများ ပေါင်းမလား ပျောက်မလား

သံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့မှ မင်းစိုးမြင့်

“၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်အနေနဲ့ကတော့ တစ်ပါတီပဲဝင်ပြိုင်ပြီးတော့ မွန်ပြည်နယ်မှာ မွန်ပါတီ ပဲ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မယ်လို့မျှော်လင့်ထားခဲ့တယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး”ဟု မင်းစိုးမြင့်က ပြောသည်။

မွန်နိုင်ငံရေးပါတီများ အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် ပူးပေါင်းစေလိုကြောင်း ပူးပေါင်းနိုင်မှုမရှိလျှင် လည်း ရွေးကောက်ပွဲကာလတွင် မဲဆန္ဒနယ်ညီတူညီမျှခွဲပြီး ဝင်ပြိုင်စေလိုကြောင်း သူကတိုက်တွန်းသည်။

“ဒီနှစ်နည်းမှာ တစ်နည်းနည်းနဲ့ မလုပ်နိုင်ဘူးဆိုရင် ပါတီထောင်ထားတာ အလကားပါပဲ။ငွေကုန် လူပင်ပန်း နောက်ဆုံးတော့ မွန်ပြည်သူလူထုကို စည်းလုံးညီညွတ်မှုပျက်ပြယ်အောင် လုပ်နေတာပဲလို့ ပြောချင်တယ်။ နောက်တစ်ခုက ဒီလူ ဒီမူနဲ့ ဆက်သွားနေရင် ပေါင်းစည်းမှုဟာ ဘယ်တော့မှ မရနိုင်ဘူး။ မွန်ပါတီတွေကို အားကိုးစရာ ဘာအကြောင်းမှ မရှိတော့ဘူးလို့ ပြောချင်တယ်”ဟု သူ့အမြင်ကို ပြတ်ပြတ်သားသား ပြောပါသည်။

လက်ရှိ မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းမှု၏အခြေအနေကို ကြည့်မည်ဆိုပါက မွန်ပြည်သူများ၏ အကျိုးကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးသလို လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မည်သည့်အကျိုး သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်သည့်အပြင် လတ်တလောအခြေအနေအတိုင်းသာ ဝင်ရောက်ယှဉ်ပြိုင်ပါက အနိုင်ရရှိလိမ့်မည် မဟုတ်ကြောင်း သူက သတိပေးလိုက်သည်။

“လတ်တလောမှာ ကျွန်တော်အနေနဲ့ကတော့ ပါတီအသစ်တည်ထောင်တာကိုတော့ မဖြစ်စေချင်ဘူး။ ဒါနဲ့ ဒီလူဒီမူနဲ့ဆိုရင် အခုညှိနှိုင်းရေးအဖွဲ့သုံးဖွဲ့ ညှိနှိုင်းခဲ့ပြီးပြီ။ ဒါလည်း ဖြစ်မလာခဲ့ဘူးဆိုတော့ ပြည်သူအားလုံး သဘောတူမယ့် ပါတီအသစ်တစ်ခုကိုတော့ ၂၀၁၈ လောက်မှာ ဖွဲ့စည်းတည်ထောင်သင့်တယ်လို့ မြင်တယ်”ဟု မင်းစိုးမြင့်က ပြောသည်။

မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေး ပါတီအသစ်တစ်ခု တည်ထောင်မည်ဆိုပါက မွန်ဆရာတော်သံဃာတော်များ၊ မွန်အရပ်ဘက်အဖွဲ့အစည်းများနှင့် မွန်ပြည်သူများအားလုံး သဘောတူလက်ခံနိုင်မှသာလျှင် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုလေသည်။

“မွန်ပြည်သူတွေအနေနဲ့လည်း ပါတီအသစ်နဲ့အတူ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ပေးရမယ်။ အဲဒီလို လုပ်ဆောင်ပေးနိုင်ရင်တော့ နိုင်ကိုနိုင်ရမယ်။ လက်ရှိနှစ်ပါတီကလည်း သူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်”

Written by – ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်