Advertisements

မော်လမြိုင်၊ ဇူလိုင်

နိုင်ငံရေး ပါတီ တစ်ခုအဖြစ် မကြာခင် တရားဝင် မှတ်ပုံတင်ရန် ရှိနေသော မွန်အမျိုးသား ကိုယ်စားပြု ပါတီ၏ အကြံပေးအဖွဲ့ ၂၇ ဦးသည် ဇွန် ၂၅ ရက်တွင် မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ် နယ်မြေဖြစ်သော ထားဝယ်ခရိုင်၊ ဝယ်ဇင်စခန်းတွင် သီးခြား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် အကြံပေးအဖွဲ့က မွန်အမျိုးသား ကိုယ်စားပြုအပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် မည်သို့ သဘောထားကြောင်း မေးမြန်းခဲ့ကြောင်း အကြံပေးအဖွဲ့ဝင် ဆရာတော် ဦးဝရဝံသက ဟင်္သာမီဒီယာသို့ မိန့်ကြားသည်။

“ပါတီအသစ်ထူထောင်ဖို့သူတို့အားမပေးဘူး၊ နောက်တစ်ချက်က အလုံစုံပါဝင်တဲ့မူကို သူတို့လည်း သဘောတူတယ်”ဟု ဆရာတော်က မိန့်သည်။

မွန်ပြည်သစ်ပါတီက မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူများကို နိုင်ငံရေး အင်းအားစုအဖွဲ့ တစ်ဖွဲ့ အနေဖြင့် အသိမှတ်ပြုသော်လည်း ပါတီ ထူထောင်ရန် အားမပေးကြောင်းနှင့် အားလုံး ပါဝင်လာရေး မူကို လက်ကိုင်ထားရန် တိုက်တွန်းခဲ့ကြောင်း ဆရာတော် မိန့်သည်။

မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူများကိုအနေဖြင့်လည်း ဒုတိယအကြိမ် မွန်အမျိုးသား ညီလာခံ၏ ဆုံးဖြတ်ချက် တစ်ခုဖြစ်သော မွန်နိုင်ငံရေး ပါတီ အားလုံး ပေါင်းစည်းရေးကို ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင် ဆရာတော်က မိန့်ကြားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီမှ ဗဟို အလုပ်မှုဆောင် နိုင်ဝင်းလှကို ဟင်္သၤာမီဒီယာက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပေ။

မွန်အမျိုးသား ကိုယ်စားပြုပါတီသည် ဇူလိုင် ဒုတိယအပတ်တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင် မှတ်ပုံတင်ရန် စီစဉ်ထားသည်။

written by ဂေထော

Advertisements
<

Leave a Reply