မွန်ပါတီအပေါ် ပြည်သူတို့ ဘယ်လို သဘောထား

(မွန်ပါတီပေါင်းစည်းခြင်းရေချိန်)

မွန်ပါတီကို တရားဝင်ထူထောင်နိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပေါင်းစည်းခွင့်တင်ထားခြင်း၊ ပါတီ ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲ အတည်ပြုခြင်းနှင့် အောက်ခြေ ပါတီဝင်အဆင့် ပေါင်းစည်းရေးတို့ကို တာဝန်ရှိသူတို့ ဆောင်ရွက်နေသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပါတီအပေါ် ပြည်သူတို့၏ သဘောထားများကို မေးမြန်း၍ ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။ ထိုက်ထိုက်

မင်းအောင်ထူး

ညှိနှိုင်းရေးမှူး၊ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်

ကျွန်တော်မြင်တာကတော့ သူတို့သွားနေတဲ့ ပုံစံကတော့ နည်းနည်းနှေးနေတယ်လို့ ယူဆတာပေါ့နော်။ ဒါပေမဲ့ သူတို့ဘက်ကလည်းပဲ အင်အားစု သုံးခုတောင်မကဘူး။ လေးစုပေါ့။ လေးစုပေါင်းတဲ့အခါကျတော့ စနစ်တကျနဲ့ တစ်ဆင့်ချင်းသွားနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။

ကျွန်တော်တို့ကတော့ဒီထက်ကောင်းတဲ့ ဦးတည်ချက်တွေ ဒီထက်ကောင်းတဲ့ လုပ်နိုင်တဲ့အနေအထားမျိုးကို နည်းနည်း တွေ့တာပေါ့။ တချို့ဟာတွေက ကျွန်တော်တို့ အချိန်မဆွဲဘဲ လုပ်လို့ရတယ်။ ပါတီမူဝါဒနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေဆွဲတာတို့၊ ကျွန်တော်တို့ အရေးပေါ်အစည်းအဝေးတွေ ခေါ်ပြီးတော့ အတည်ပြုတာတို့ ရွေးကောက်ပွဲကော်မရှင် တင်တာတို့ ဆက်တိုက်ဆက်တိုက် အမြန်လုပ်လို့ရတယ်လို့ မြင်တယ်။

တစ်ဖက်မှာက ဖြည်းဖြည်းနဲ့ မှန်မှန်သွားနေတဲ့အခါကျတော့ နည်းနည်းတော့ အားမလိုအားမရဖြစ်မိတဲ့အပိုင်းပေါ့ ဒါကတော့ ကျွန်တော်တစ်ဦးတည်းအမြင်ပါ။

နောက်တစ်ခုက အားလုံးပါဝင်လာနိုင်ဖို့အတွက်အခြေအနေတစ်ခုပေါ့လေ။ ဥပမာဆိုပါစို့၊ မွန်အမျိုးသမီးပါတီ တစ်ခုကျန်နေတယ်။ အဲဒါနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်သွားကြမလဲဆိုတာ သူတို့ပါတီအနေနဲ့ကတော့ လက်ရှိရှိနေတဲ့ အင်အားစုပါတီတွေ ပေါင်းစည်းပြီးတော့ သွားမယ်လို့တော့ ကျွန်တော်တို့ မြင်တယ်။

ခုနက ကျွန်တော်ပြောသလို နည်းနည်းအားမလို အားမရဖြစ်တယ်ဆိုတာက ရှေ့ဆက်ပြီးတော့ လူထုတွေ့ဆုံမှုတွေ၊ ၂ဝ၂ဝ ရွေးကောက်ပွဲကို ဦးတည်တဲ့ ကမ်ပိန်းတွေ၊ ပရိုဂရမ်တွေ အတွက်က အချိန်သိပ်မရှိတော့ဘူးပေါ့နော်။ ဆိုလိုတာက ကျွန်တော်တို့ မွန်လူထုအချင်းချင်းကြားထဲမှာတောင်မှ အခုသွားနေတဲ့ ဖြစ်စဉ်ကို နည်းနည်းသံသယရှိနေသေးတယ်ပေါ့နော်။ ၂ဝ၂ဝမတိုင်ခင်မှာ ကိုယ့်လူထုက ကိုယ့်ကို ယုံကြည်မှုပြန်ရလာအောင် ပြန်တည်ဆောက်မယ့် အချိန်တွေ အများကြီးလိုတယ်လို့ ယူဆလို့လေ။

ခြုံပြောရရင်တော့ အခုပါတီ ပေါင်းစည်းမှုသည် ကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ မွန်နိုင်ငံရေးပါတီတွေအတွက် ရှေ့ဆက်ပြီးသွားမယ့် အချိန်လေးမှာ လူထုကို ပိုပြီးတော့ အကျိုးပြုနိုင်မယ်လို့ ယူဆတယ်။ တစ်ဖက်မှာ အချိန်အကန့်အသတ်ရှိတာကြောင့် ကျွန်တော်တို့ ဖြည်းဖြည်းနဲ့ မှန်မှန်သွားရတာထက် ဒီထက်ကို နည်းနည်း မြန်မြန်ဆန်ဆန်လေး သွားနိုင်ရင် ကောင်းမယ်။ အတွင်းဘက်ကို နည်းနည်းကြည့်ပြီး ပြောနေတယ်ဆိုတော့ အုပ်စု ပုံစံမျိုးတွေ ရှိနေသေးတာ နည်းနည်းမြင်တယ်ပေါ့နော်။ အဲဒါက ပါဝင်နေတဲ့ ပတ်သက်နေတဲ့ လူတွေအားလုံးက အဲဒီစိတ်တွေကို ဖျောက်ပြီးတော့ အားလုံးကိုယ်စားပြုနိုင်တဲ့ ရပ်တည်ချက်မျိုး ရနိုင်အောင် စိတ်ပိုင်းဆိုင်ရာအရ ကိုယ်တိုင်လည်း ပြင်ဖို့လိုတယ်ဆိုတာမျိုး မြင်တယ်ပေါ့။

နဂိုကတော့ မွန်တစ်ပါတီတည်းဖြစ်ရေးဆိုတဲ့ မူတစ်ခု ရှိခဲ့ဖူးတယ်။ ရှိနေတဲ့ အင်အားစုတွေအားလုံးကို စုစည်းကြတယ်ဆိုပြီးတော့ တစ်ဆင့်ချင်းတော့ ဖြစ်လာတာပေါ့။ ပထမက နှစ်ပါတီပေါင်းစည်းတယ်။

ပြီးတော့မှ တစ်ဖက်က မွန်အမျိုးသားကိုယ်စားပြုပါတီက အင်အားစုအနေနဲ့ ဖြစ်လာတော့ ညှိကြတယ်။ အပြင်မှာရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းကနေ တက်လာတဲ့အင်အားတစ်ခုရှိတယ်။ ပါတီတွေအနေနဲ့က မွန်အမျိုးသမီးပါတီနဲ့က အရင်က ညှိနှိုင်ဖူးတယ်။ မွန်အမျိုးသမီးပါတီနဲ့ ခေါ်ပြီး စကားပြောဖူးတယ်။ မွန်အမျိုးသမီးပါတီက လောလောဆယ်မှာ မပူးပေါင်းနိုင်သေးဘူးဆိုတဲ့ အနေအထားမျိုးရှိတယ်။ အဲတော့နဂိုက ရှိခဲ့တဲ့ မူတစ်ခုက မွန်အမျိုးသမီးပါတီက ရှိနေဦးမယ်ဆိုရင် ဘယ်တော့မှ ဖြစ်မလာနိုင်သေးဘူးပေါ့နော်။

အဲဒါကြောင့်မို့ မွန်အမျိုးသမီးပါတီလည်း ဝင်ပြီးတော့ ပူးပေါင်းပါဝင်နိုင်မယ်ဆိုရင် ပိုကောင်းတယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတော့ရှိတယ်။ သူတို့ပေါင်းခြင်း မပေါင်းခြင်းသည် အရေးကြီးလားဆိုတော့လည်း သိပ်တော့လည်း အရေးမကြီးဘူးပေါ့နော်။ ပါတီအနေနဲ့ကတော့ အချိန်အခါပေါ်မူတည်ပြီးရပ်တည်ချက်အမျိုးမျိုး ပြောင်းနိုင်တယ်ပေါ့လေ။ မွန်အမျိုးသမီးပါတီကို နောက်ပိုင်းမှာ သီးသန့် တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေ ရှိတယ်။ မရှိဘူးဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်တဲ့အပေါ် မူတည်မယ်လို့ ကျွန်တော်ယူဆတယ်။ အင်အားစုတွေ ပေါင်းစည်းမယ့်အချိန်မှာ မွန်အမျိုးသမီးပါတီနဲ့ တွေ့ခဲ့ဖူးတယ်။

နိုင်ကစမွန်

အယ်ဒီတာချုပ်၊ မွန်သတင်းအေဂျင်စီ။

မွန်ပါတီ အခြေအနေကောင်းပါတယ်။ ဖွဲ့စည်းပုံတွေလည်း ရေးပြီးပြီ။ ပါတီမှတ်ပုံတင်တာလည်း လုပ်ပြီးပြီဆိုတော့ အခြေအနေကောင်းတယ်လို့ ကျွန်တော်ပြောလို့ရပါတယ်။ ကျွန်တော့်အမြင်ကတော့ မနှေးပါဘူး။ တချို့က မြင်တာကတော့ နှေးတယ်ပေါ့။ ဒီပါတီတစ်ရပ်ဖြစ်လာဖို့က ပါတီ နှစ်ပါတီနဲ့ အင်အားစု တစ်ခုပေါ့။ ပူးပေါင်းဆောင်ရွက်ရတာဆိုတော့ ညှိနှိုင်းဆောင်ရွက်ရတာ များတယ်လေ။ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ရင်း ပါတီထောင်တဲ့ကိစ္စ၊ ဖွဲ့စည်းပုံစည်းမျဉ်းကိစ္စတွေ ၂ဝ၁၈မှာ ပါတီတည်ဆောက်ရေးကိစ္စတွေ အတော်အတန်ပြီးသွားပြီလို့ ကျွန်တော်ယုံကြည်တာပေါ့။ ၂ဝ၁၉လောက်မှာ သူတို့က ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ ပြင်ဆင်တာတွေ ၊လူထုကြားမှာ ပြန့်ပွားဖို့အတွက် သူတို့လုပ်နိုင်မယ်လို့ မြင်မိတာပေါ့လေ။ သိပ်မနှေးပါဘူး။

ကျွန်တော်သိရသလောက်ကတော့ ပါတီမပေါင်းခင်ကတည်းက မွန်အမျိုးသမီးပါတီက မွန်ပါတီနဲ့ သွားတွေ့တယ်လို့ ကျွန်တော်ကြားတယ်။ ဒါပေမဲ့ မွန်အမျိုးသမီးပါတီက ပူးပေါင်းဆောင်ရွက်ဖို့ မရှိဘူးဖြစ်တာပေါ့။ သူတို့က သီးခြားပဲ နေမယ်။ မပေါင်းချင်ဘူးဆိုတော့ သူတို့က မလာဖြစ်ဘူးပေါ့။ ဒါပါပဲ။ သူတို့လာမယ်ဆိုရင်တော့ ပါတီအသစ်က အမြဲတမ်း၊ အချိန်မရွေး ပါဝင်ခွင့်ပေးမှာပဲ။ ကျွန်တော်သိရသလောက်ပေါ့။ လောလောဆယ်တော့ ပါတီတွင်းမှာ ပြည်တွင်းမှာ အမျိုးသမီးပါဝင်မှုနှုန်းကတော့ ဟိုးအရင်က ပါတီနှစ်ပါတီ ကွဲနေတဲ့အချိန်ထက် အမျိုးသမီးပါဝင်မှုတွေ များလာတာ ကျွန်တော်တွေ့ရတယ်။ အမျိုးသမီးပါဝင်မှုတွေကလည်း လူမှုရေး၊ နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့သူတွေပါသွားတာ တွေ့ရတယ်။ ဒီထက်အမျိုးသမီးတွေ ပါဝင်ဖို့ ပါဝင်နိုင်အောင် ဖြစ်နိုင်ရင်တော့ ကောင်းပါတယ်။

မွန်အမျိုးသမီးပါတီကတော့ ကိုယ်စားလှယ်နေရာအများကြီး ဝင်ရွေးခံမှာမဟုတ်ဘူး။ သူတို့အားသာနိုင်တဲ့နေရာတွေပဲ သူတို့ရွေးနိုင်တယ်။ နေရာအများကြီးပေါ့ မွန်ပါတီရဲ့ နှစ်ပါတီလိုမျိုး နေရာ ၄ဝ ၅ဝထိ ပြိုင်မယ့် အခြေအနေလည်း မရှိဘူးထင်တယ်။ အများဆုံးကတော့ သူတို့ ၁ဝနေရာလောက်ပဲ။ လက်ရှိ မွန်ပါတီလည်း ထိခိုက်မှာမဟုတ်ဘူး။ ကျွန်တော်အမြင်ကတော့ မွန်ပါတီကလည်း သူတို့လည်း ပြန်လည်ပြီးတော့ ညှိနှိုင်းရေးလုပ်သွားမယ်လို့ ထင်တယ်။ တချို့နေရာတွေမှာတော့ နေရာခွဲသင့်ရင် သူတို့ခွဲမှာပေါ့။ ဒါကတော့ မွန်ပါတီဘက်က ခေါင်းဆောင်တွေက စဉ်းစားမှာပဲလေ။ ကျွန်တော့်အမြင်ပေါ့။

ရခိုင်ပါတီကွဲတာလည်း ကျွန်တော်သိပါတယ်။ အဓိကကတော့ ပါတီထဲမှာ လူတွေကို နေရာချတာ၊ နေရာပေးတာ အဲမှာပြသာနာပေါ်တယ်။ မူပိုင်းကတော့ ကျွန်တော်ထင်တယ်။ မွန်ပါတီနှစ်ဖက်စလုံးက ရည်မှန်းချက်လည်း ပြည့်တယ်။ ရည်ရွယ်ချက်လည်း ပြည့်တဲ့ လူတွေလည်း တွေ့ရတယ်။ မွန်ပါတီမှာလည်း ကျွန်တော်တွေ့ရသလောက် နေရာကိုလည်း စနစ်တကျပေးထားတယ်။ CSO ခေါင်းဆောင်တွေအပါအဝင် မွန်အမျိုးသားကိုယ်စားပြုအဖွဲ့၊ နိုင်ငံရေးအင်အားစုတွေလည်း သူတို့နေရာပေးထားတာတွေ့တယ်ပေါ့နော်။ မွန်ပါတီကပဲ သူတို့အရင်ပေါင်းပြီးတော့ ပါတီအလုပ်အမှုဆောင်နေရာတွေမှာ လက်ဝါးကြီးအုပ်ထားတာ မတွေ့ရဘူး။ ဝင်လာတဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း ပါတီအလုပ်အမှုဆောင် နေရာမှာ အထိုက်အလျှောက် နေရာပေးထားတာတွေ့ရတယ်။ တွေ့ရတော့ ရခိုင်နဲ့တော့ သိပ်မတူဘူး။ အခြေအနေချင်းကလေ။ နောက်ပိုင်းတော့ ပါတီရဲ့ တည်ဆောက်မှုပေါ်မှာ မူတည်တာပေါ့နော်။ ပါတီရဲ့ တည်ဆောက်မှုက ကိုယ်စားပြုမှုတွေ ပါလာမယ်ဆိုရင်တော့ ပါတီက တည်မြဲသွားမှာပါ။ ရခိုင်လိုတော့ မဖြစ်ပါဘူး။

မိထောကေချမ်း

မွန်ပြည်သူ။

အခုက သူတို့က လုပ်ဆောင်ချက်အနေနဲ့ ဘာမှမပြရသေးတဲ့အတွက်လေ ဘာမှမသိသေးဘူး။ အဲလိုမြင်တာပေါ့နော်။ သူတို့ ဘာလုပ်နေလဲဆိုတာ ကျွန်မတို့ သိပ်မသိသေးဘူးနော်။ အခုက ပေါင်းစည်းပြီလား တကယ်ရော ပေါင်းစည်းပြီးလား ကျွန်မတို့က မသေချာဘူးပေါ့နော်။ တိတိကျကျချပြတာမရှိသေးတော့ ဘာမှမသေချာသေးတဲ့ အခြေအနေပေါ့။ ကျွန်မမြင်တာတော့လေ။ အဲဒီနှစ်ခုပေါင်းစည်းပြီးရင် မွန်အမျိုးသမီးပါတီလည်း ပေါင်းစည်းလာနိုင်မယ်လို့ မြင်ပါတယ်။ ကျွန်မတို့လည်း စောင့်မျှော်နေဆဲပါ။ သူတို့တစ်ပါတီတည်းဖြစ်ပြီး ကျွန်မတို့ တောင်းဆိုထားတဲ့ အမျိုးသမီးပါဝင်မှု ၃ဝရာခိုင်နှုန်း ပြည့်မီဖို့ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.