မွန်ပါတီ တရားဝင်ဖြစ်ရေးခြေလှမ်း

(မွန်နိုင်ငံရေးပါတီ ပေါင်းစည်းခြင်းရေချိန်)

လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ မွန်ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီဝင် အစည်းအဝေး တစ်ရပ် ကျင်းပဖို့ ရှိနေ၏။

အစည်းအဝေးမှာ ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်းနှင့် မူဝါဒများအတွက် ဆွေးနွေး ဆုံးဖြတ် အတည်ပြုရန် ဖြစ်သည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ယခုလို ပြောသည်။

“ကျွန်တော်တို့ လာမယ့် ၂၄ ရက်မှာ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ထိုင်မယ်၊ အဲဒီအစည်းအဝေးမှာ ပါတီ ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို ဆွေးနွေး အတည်ပြုဖို့ ရှိတယ်”ဟု ဆိုသည်။

ယင်းအပြင် အစည်းအဝေး၌ ပါတီ၏ လုပ်ငန်း အကောင်အထည် ဖော်မှု အခြေအနေများနှင့် ထပ်မံ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ဖို့ ရှိနေသည်ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ မွန်ပါတီသည် နိုဝင်ဘာ ၁၅ ရက်က ရွေးကောက်ပွဲ ကော်မရှင်၌ ပါတီ ပေါင်းစည်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သွားရောက် စုံစမ်းခဲ့သည်။

သွားရောက် စုံစမ်းရခြင်းမှာ မွန်ပါတီ တရားဝင် မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ပေါင်းစည်းထားသော မွန်အမျိုးသား ပါတီ နှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ တို့၏ ပေါင်းစည်းခြင်းကို ကော်မရှင်သို့ အချက်အလက်နှင့် တင်ပြရမည် ဖြစ်သောကြောင့် ဖြစ်သည်။

“ကျွန်တော်တို့ ကော်မရှင်ရုံးကို ရောက်တယ်၊ လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းခဲ့တယ်၊ ဒီအချက်အလက်တွေ စုဆောင်းပြီးရင် ဒီရက်ပိုင်းအတွင်း ပေါင်းစုခွင့် တင်မယ်”ဟု နိုင်လယိတမက ဆိုသည်။

ကော်မရှင်၌ သွားရောက် စုံစမ်းခဲ့သော အခြေအနေကို မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ယခုလို ပြောဆို၏။

“ဒီမှာ လာစုံစမ်းတော့ ပါတီ မှတ်ပုံတင်ရေးအတွက် အဓိက ပါတီ တည်ထောင်လိုသူ လိုလာတယ်၊ ဒီအတိုင်း ပြန်တိုင်ပင်ပြီး တင်လိုက်မယ်၊ လူဟောင်းတွေ ကိုပဲ တင်လိုက်ရင် ရတာ မြန်တာပေါ့”ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ပေါင်းစည်းထားသော မွန်ပါတီ၏ ပထမကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၅၁ ဦး တက်ရောက်ခဲ့ကာ ပါတီအနေဖြင့် ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် သုံး ရပ်ကို ချမှတ်ထားသည်။

ယင်းတို့မှာ ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ရန်၊ ပါတီဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရန် နှင့် မြို့နယ်အဆင့် နှစ်ပါတီ ပေါင်းစည်းရန်အတွက် မြို့နယ် ၁၈မြို့နယ်တွင် ဒေသ ၆ခုခွဲကာ လုပ်ဆောင်သွားရန် ဖြစ်သည်။

“အဓိက အချက် သုံးချက်ကို ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်၊ တာဝန်ပေးနိုင်ခဲ့တယ်၊ မြို့နယ်အဆင့်နှစ်ပါတီ ပေါင်းစည်းရေးအတွက်ကို ၁၈မြို့နယ်ကို ဒေသ ၆ဒေသခွဲပြီးတော့ ဒေသတစ်ခုကို တစ်ဖွဲ့နဲ့ ဗဟိုကလာရောက်ပြီး ပူးပေါင်းပေးမှာပါ”ဟု နိုင်လယိတမက ဆိုသည်။

မွန်ပါတီ ပေါင်းစည်းခြင်း အောက်ခြေအထိ ရောက်ရှိစေရန်အတွက် မြို့နယ်၊ ကျေးရွာ အသီးသီးရှိ ပါတီများကို မြို့နယ်အလိုက် အဖွဲ့များ ပြန်လည်ဖွဲ့စည်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မွန်ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၂)၊ နိုင်စံတင်က ပြောကြားသည်။

“ကျွန်တော်တို့ ပါတီက ပေါင်းပြီးဆိုတော့ ရှေ့ဆက်လုပ်ရမယ့် ပါတီ မှတ်ပုံတင်ဖို့လုပ်မယ်၊ အောက်ခြေပါတီတွေ ပေါင်းစည်းဖို့အတွက်လည်း မြို့နယ်အလိုက် ပြန်ဖွဲ့လိုက်တယ်၊ ကျွန်တော်တို့ အပေါ်မှာပဲ ပေါင်းတာလေ၊ မြို့နယ်တွေ၊ ကျေးရွာတွေမှာ မပေါင်းရသေးဘူးလေ”ဟု ၎င်းက ပြောသည်။

မြို့နယ်အတွင်းရှိ ပါတီအဖွဲ့များနှင့် ဆွေးနွေး ညှိနှိုင်းကာ ပါတီပေါင်းစည်းရေး လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

မွန်ပါတီ ဟူသည်မှာ အစုအဖွဲ့ သုံးခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP ၊ မွန်အမျိုးသား ပါတီ MNP နှင့် မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူအစုအဖွဲ့တို့၏ ပေါင်းစည်းခြင်း ဖြစ်သည်။

ထို အစုအဖွဲ့ သုံးခုသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်က ပေါင်းစည်းကြောင်း လက်မှတ်ရေးထိုး၍ မွန်ပါတီ အမည်သစ်ကို မွန်ပြည်သူထံ ချပြ ရှင်းလင်းထားသည်။

မွန်ပါတီတွင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀ ဦး ပါဝင်သော ကော်မတီများကိုလည်း ဖွဲ့စည်းထားသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွင် မွန်အမျိုးသားပါတီ MNP မှ ၂၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP မှ ၂၂ ဦး၊ မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့မှ ၉ ဦး၊ CSOနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး ၊ စုစုပေါင်း ၆၁ ဦး ဖြစ်၏။

ဗဟိုကော်မတီဝင်၌မူ MNP ၅၀ ဦး၊ AMDP ၅၀ ဦး၊ မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့ ၂၀ ဦး၊ CSOနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂၀ ဦး ၊ စုစုပေါင်း ၁၄၀ ဦး ဖြစ်သည်။

ထို့အပြင် ယာယီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အဖွဲ့များကိုလည်း ရွေးချယ် ဖွဲ့စည်းထားသည်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.