Advertisements

ဒီဇင်ဘာ ၅ ၊ ၂၀၁၇။

မွန်နိုင်ငံရေးပါတီ နှစ်ခု ဖြစ်သည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီနှင့် မွန်အမျိုးသား ပါတီတို့ ဒုတိယအကြိမ် အလွတ်သဘော တွေ့ဆုံ မှုကို ဒီဇင်ဘာ (၅) ရက်နေ့တွင် ထပ်မံ ပြုလုပ် ခဲ့ပြီးနောက်တွင် ပါတီ ထိပ်သီး ခေါင်းဆောင်များ အမြန်ဆုံး တွေ့ဆုံနိုင်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှစ်ပါတီစလုံးမှ ထုတ်ဖော် ပြောကြား ခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် နိုင်မောင်မောင်က “အဆင့်မြင့် ပါတီ အကြီး အကဲတွေ အမြန်ဆုံးတွေ့ နိုင်ဖို့၊ ကျွန်တော်တို့ ဗဟိုကော်မတီဝင် တွေပေါ့။ မွန်အမျိုးသား ပါတီက တင်ပြ လာတယ်။ ဒါကိုတော့ ကျွန်တော်တို့ ပါတီ ဗဟိုကော်မတီကို ထပ်တင်ပြ သွားမယ်။ ဗဟိုရဲ့ ဆုံးဖြတ်ချက် ရရင် ဒီကြားထဲမှာ အမြန်ဆုံး တွေ့နိုင်အောင် ဆောင်ရွက်မယ်”ဟု နိုင်မောင်မောင်က ပြောသည်။

လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မွန်အမျိုးသား ပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရန် ရှိပြီး နှစ်ပါတီ ထိပ်သီး ခေါင်းဆောင်များ အမြန်ဆုံး တွေ့ဆုံ နိုင်ရန် ပါတီဗဟိုသို့ တင်ပြမည် ဖြစ်ကြောင်းလည်း မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယိတမ ကလည်း တွေ့ဆုံပွဲ အပြီးတွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

“နှစ်ပါတီ ထိပ်သီးတွေ တွေ့နိုင်ဖို့နဲ့ မွန်အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မွန်ပြည်နယ်မှာ ကျင်းပခွင့် ပြုဖို့ UPDJC ထံ တောင်းဆိုသွားဖို့ ၊ ဒီကိစ္စ ထဲမှာ အမျိုးသမီးပါတီ (မွန်) ပါဝင်လာနိုင်ဖို့ ကျွန်တော်တို့ကို AMDP ပါတီက တင်ပြ ထားတယ်၊ ဒါကို ကျွန်တော်တို့ ဗဟိုကော်မီတီမှာ တင်ပြ ဆွေးနွေးမယ်” နိုင်လယိတမက ပြောသည်။

ဒီဇင်ဘာ (၅) ရက်နေ့ ဒုတိယ အကြိမ် မွန်နိုင်ငံရေးပါတီ နှစ်ခု အလွတ်သဘော တွေ့ဆုံ အပြီးတွင် လာမည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ အတွက် နှစ်ပါတီ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ရန်၊ နှစ်ပါတီ ပေါင်းစည်း နိုင်ရေးအတွက် ပါတီ တစ်ခုနှင့် တစ်ခု ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်း စည်းကမ်းများကို လေ့လာနိုင်ရန် အတွက် စာအုပ်များကို ဖလှယ်ခဲ့ကြပြီး ထွက်ရှိ လာသည့်မူအတိုင်း ရှေ့ဆက်သွားကြရန် သဘောတူညီချက် ရရှိခဲ့ကြကြောင်း နှစ်ဖက် ခေါင်းဆောင် များက ရှင်းပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့တွင် နှစ်ပါတီ ပထမ အကြိမ် အလွတ်သဘော တွေ့ဆုံ ခဲ့ကြပြီး ပုံမှန် တစ်လ တစ်ကြိမ် တွေ့ဆုံသွားရန် အရေးတကြီး လိုအပ်လာပါက ကြားကာလ တွင်လည်း နှစ်ပါတီတွေ့ဆုံနိုင်ကြောင်း၊ မွန်အမျိုးသား နိုင်ငံရေး ကိစ္စရပ် များကို ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် နှစ်ပါတီ ပေါင်းစည်းရေး ကိစ္စရပ် များကို လစဉ် ဆက်လက် ညှိနှိုင်း သွားကြရန် သဘောတူညီချက်သုံးချက် ရရှိ ထားခဲ့ပြီး ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မှ နိုင်မောင်မောင် ဦးဆောင်ပြီး ဗဟိုအလုပ်အမှုဆောင် နိုင်စံတင်နှင့် နိုင်သန်းရွှေနှင့် မွန်အမျိုးသားပါတီ (MNP) မှ နိုင်ချစ်ဦး ဦးဆောင်၍ နိုင်ဃောစိုက်နှင့် နိုင်မာန်ဂကောင်း တို့ တွေ့ဆုံ ကြရန် အတွက် ပါတီ နှစ်ခု စလုံးက အသီးသီး တာဝန်ပေး ထားခဲ့ပြီး ဖြစ်သည်။

Written by ရွှေရိုး

ဓါတ်ပုံ – နိုင်ချစ်ဦး

Advertisements
<

Leave a Reply