အရွယ်အိုသော်လည်း ပညာတိုးစေရန် ဝီရိယမလျှော့သည့်၊ ပြန်လည်မျှဝေရန် မတွန့်တိုသည့် အဖွားအိုတစ်ဦး၏
ပညာရေးအပေါ် ရှုမြင်ချက်။

“စာဖြေလာတာ ဒီနှစ်ဆို ခုနစ် နှစ်ပြည့်ပြီ”

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ ဝင်ရောက် ဖြေဆိုခဲ့သော နှစ်အရေအတွက် အကြောင်းကို အသက် ၇၀ အရွယ် မွန်အဘွားအို မိဂိုချိုင်းက ပြောပြနေခြင်းပင်။

မေ ၂၁ ရက်က မော်လမြိုင်မြို့ရှိ လွီမာန် သာသနာ (၂၅၀၀) ကျောင်းတိုက်၌ ကျင်းပသော ၁၉ ကြိမ်မြောက် မွန်ဒေသ လုံးဆိုင်ရာ မွန်စာပေဖြေဆိုပွဲကို သူပါဝင်ဖြေဆိုပြီးနောက် ဟင်္သာနှင့်တွေ့ဆုံချိန်တွင်ထိုသို့ဆိုလိုက်ခြင်းဖြစ်၏။

လာရောက် ဖြေဆိုသူ ၁၂၀၀ ကျော်တွင် အများစုမှာ အခြေခံပညာ ကျောင်းသူ ကျောင်းသားများသာ ဖြစ်ပြီး အသက်အကြီးဆုံး စာဖြေသူအဖြစ် မိဂိုချိုင်း နှင့် အသက် ၇၅ နှစ်အရွယ် မွန်အဘိုးအို နိုင်ကျော်အောင်သာပါဝင်သည်။

မိဂိုချိုင်းသည် မွန်စာပေကို အသက် ၆၄ နှစ် အရွယ်တွင် စတင်ဖြေဆိုခဲ့ရာမှ ယခုတစ်ကြိမ်သည် စာဖြေသက် ခုနစ်ပြည့်ဖြစ်သလို အသက်လည်း ၇၀ ပြည့်ခဲ့ပြီ။

မိဂိုချိုင်းကို ၁၉၄၈ တွင် ချောင်းဆုံမြို့နယ်၊ တော်ကနာရွာတွင် မွေးဖွားသည်။

၁၉၇၀ တွင် မူလတန်း ဆရာမအဖြစ် ချောင်းဆုံမြို့နယ်၊ တော်ကနာ ကျေးရွာမှာ စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး အလယ်တန်းပြ ရာထူးတိုး၍ ကွမ်ရိုက် ကျေးရွာတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၈ တွင် B.Ed အောင်မြင်၍ အထက်တန်းပြ ဆရာမ ဖြစ်လာပြီး B.A(History) ဘွဲ့လည်း ရရှိထား၏။

ဆရာမ ဘဝတွင် ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားခဲ့ပြီး ၂၀၀၉ တွင် ပင်စင်ယူခဲ့သည်။

အစိုးရကျောင်းတွင် စာသင်ကြားပေးရသည့် ဆရာမ တစ်ဦး ဖြစ်သောကြောင့် မွန်စာတွင် အရမ်းအားနည်းခဲ့သည်ဟု မိဂိုချိုင်းက ပြောပြသည်။

“အနှစ် ၄၀ စာသင်လာတဲ့အခါကျတော့ ဗမာဘာသာကို အားသန်တာများတယ် တစ်ခုခုတွေးရင် ရေးထွက်လာရော မွန်စာက နည်းနည်းစိမ်းနေလို့အချိန်ခဏယူပြီးတွေးမှ ပုံစံကျအောင်ရေးရတယ်”ဟု မိဂိုချိုင်းက မွန်စာပေ၌ အခက်ခဲကြုံခဲ့ရသည့် အကြောင်းကို ပြန်ပြောလေသည်။

မိဂိုချိုင်းသည် မွန်စာပေကို လေ့လာချင်စိတ်ရှိသော်လည်း ဆရာမ လုပ်စဉ်က မအားမလပ်၍ ပင်စင်ယူပြီးနောက် စတင်လေ့လာခဲ့သည်။

မွန်ဗျည်း အက္ခရာ ၃၅ လုံးကို ငယ်စဉ်က မွန်စာ နှစ်တန်းအထိ သင်ယူဖူးသော်လည်း အသက်ကြီးလာသဖြင့် မမေ့အောင် လေ့လာခဲ့ရသည်ဟု သူက ဆိုသည်။

မိဂိုချိုင်းကို မွန်ဒေသလုံးဆိုင်ရာ မွန်စာပေကို ဖြေဆိုရန် သင်ကြားပေးခဲ့သူမှာ တော်ကနာ ပိဋကတ်မွန်ကျောင်းတိုက် ဆရာတော် ကောသလ္လ ဖြစ်သည်။

ဆရာတော်၏ သင်ကြားမှုကြောင့် ၂၀၁၂ တွင် ယဉ်ကျေးမှုတန်း ဘာသာကို စတင် ဖြေဆိုခဲ့သည်။

ထိုအတန်းပြီးနောက် အတန်း ခုနှစ် တန်းရှိသည့် ယဉ်ကျေးမှုတန်း၊ ဟံသာဝတီသမိုင်း၊ မုတ္တမသမိုင်း၊ အဘိဓမ္မာတန်း ၊ မွန်ရိုးရာ ဓလေ့သမိုင်း သုဝဏ္ဏဘူမိ သမိုင်း၊ ၊ မွန်စာပေ သမိုင်း ဘာသာတို့ကို နှစ်အလိုက် ဖြေဆိုခဲ့သည်။

“စိတ်ဓာတ်ကြောင့်ပဲ ဝင်ဖြေနိုင်တာ ၊ အစက ရှိန်တယ်၊ ရှက်လည်းရှက်တယ် ပြီးမှ မရဘူး မွန်စာကို စိတ်ဝင်စားတယ် မြတ်နိုးတဲ့အခါကျတော့ မရဘူး ဝင်ဖြေမယ် ဖတ်မယ် လေ့လာမယ် လို့ဆုံးဖြတ်ပြီးဖြေခဲ့တာ”ဟု သူက ဆိုသည်။

လေ့လာ ကျက်မှတ်ရာတွင် မေးခွန်းဟောင်း လေ့လာမှု၊ ကျက်မှတ်မှုအားဖြင့် လုပ်ဆောင်ခဲ့ပြီး မရလျှင် ဆရာတော်အား ပြန်မေး၍ လေ့လာခဲ့ရ၏။

“အသက်ကြီးတဲ့အတွက် စာဖတ်တဲ့အခါ ကြိုးစားရုန်းရတယ် မကြိုးစားရင်မရဘူး။ မွန်စာလို့ပြောရင် ဂရုမစိုက်လို့မရဘူး၊ သေသေချာချာ လေ့လာရတာ၊ စိတ်ဓာတ်မခိုင်လို့မရဘူး”ဟု မိဂိုချိုင်းက ပြောသည်။

စာဖြေစဉ် အချို့ ကလေးငယ်များက အားပေးသော်လည်း အချို့ကမူ အပျက် သဘော လုပ်ဆောင်မှုများကိုလည်း မိဂိုချိုင်းတစ်ယောက် ကြုံခဲ့ရပါ၏။

မိဂိုချိုင်း၏ စာပေ လေ့လာမှုကို ကြပ်မတ်သင်ကြားပေးခဲ့သူ ဆရာတော် ကောသလ္လက အခုလို မှတ်ချက်ပြုသည်။

“စာပေနဲ့ပတ်သက်ပြီး သူက အသက်ကြီးတဲ့အတွက် လူငယ်တွေလို သေသေချာချာဖတ်ပေမယ့် စိတ်မှတ်မကောင်းဘူး ဒါပေမယ့် သူ့ရဲ့ဇွဲ ၊ ဝိရိယကောင်းသည့်အတွက် နောက်ဆုံးတော့ စာရသွားတာပဲ”ဟု ဆိုသည်။

မိဂိုချိုင်းသည် မွန်စာပေ ဖြေဆိုစဉ် ခုနစ် နှစ်၌ ပထမ၊ ဒုတိယ မရသော်လည်း နှစ်စဉ် အောင်မြင်အောင် ဖြေဆိုနိုင်သူ ဖြစ်သည်။

ဖြေဆိုရန် အတန်း ကုန်သွားသော်လည်း ဖြေဆိုခွင့်ပေးပါက ဖြေဆိုလိုသေးသည်ဟု သူက ဆိုသည်။

ဆရာတော် ကောသလ္လက မိဂိုချိုင်း၏ ကြိုးစားမှုကို လူငယ်များ အတုယူ စေလိုသည်ဟု မိန့်သည်။

လက်ရှိတွင်လည်း သူသည် အသက်အရွယ်နှင့်မလိုက်အောင်ပင် ရွာ၏ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့၊ လူထုဗဟိုပြုအဖွဲ့ အပါအဝင် ပရဟိတ အဖွဲ့များ၌လည်း ပါဝင် ကူညီနေသူဖြစ်ပြီး ဓမ္မစကူးလ်၌လည်း ဆရာမအဖြစ် ဝင်ရောက် သင်ကြားပေးနေသည်။

ထိုမျှမကသေး ပြီးခဲ့သည့် နှစ်ကလည်း English Speaking ကို လေ့လာနေပြီး သူဖြေဆိုအောင်မြင်ပြီးဖြစ်သည့် မွန်စာပေ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းအပြင် သုဝဏ္ဏဘူမိသမိုင်းကိုပါ ပြန်လည်ပို့ချနေပြန်၏။

မွန်စာပေ တိုးတက်ရေးအတွက် စိတ်အားထက်သန်နေသည့် မိဂိုချိုင်းသည် အခွင့်အရေး ရပါက မွန်စာပေအတွက် တစ်ခုခု လုပ်ပေးလိုသည်ဟုလည်းဆိုသည်။

သို့သော် ယခု လူငယ်များ စာပေ၌ ကြိုးစား အားထုတ်မှု လျော့နည်းမှုကိုသူက စိုးရိမ်နေပြီး စာပျောက်လျှင် လူမျိုးပျောက်မည်ကိုလည်း ပူပန်နေသည်။

အမှန်စင်စစ်တွင် မိဂိုချိုင်းတစ်ယောက်မှာ အေးအေးလူလူ စာဖြေစာကျက်၊ ပရဟိတဆောင်ရွက်၊ စာသင်နိုင်သူတစ်ဦးတော့ မဟုတ်။ ၂၀၀၁ တွင် ခင်ပွန်းသည် ကွယ်လွန်သွားပြီး ၎င်းတို့တွင် သားသမီး မထွန်းကားခဲ့သဖြင့် လက်ရှိအသက်အရွယ်၌ တစ်ဦးတည်းနေထိုင်ရင်းပင် အရာအားလုံးကို ဇွဲနပဲကြီးစွာကျော်ဖြတ်နေခဲ့ခြင်းသာ။

အရွယ်အိုသော်လည်း ပညာတိုးစေရန် ဝီရိယမလျှော့သည့်၊ ပြန်လည်မျှဝေရန် မတွန့်တိုသည့် ကျောင်းဆရာမတစ်ဦး၏ ပညာရေးအပေါ် ရှုမြင်ချက်က ယခုလိုပင်။

“အသက်သာကြီးသွားမယ် ပညာကတော့ လေ့လာလို့မကုန်နိုင်ပါဘူး”ဟူ၍။

Written by ဂေထော

 

Leave a Reply