လူငယ်အဆိုတော် ရွှေထူးနှင့်တွေ့ဆုံခြင်း

ယခုတစ်ပတ် ဟင်္သာမီဒီယာ စာဖတ်ပရိတ်သတ်တွေအတွက် ခေတ်လူငယ်များနဲ့ နှုတ်ခမ်းနီမလေးတို့ရဲ့ ပါးစပ်ဖျားမှာ “နင်ရယ် ငါရယ် သူငယ်ချင်းပါ “ဆိုတဲ့ စာသားနဲ့ ရေပန်းစားလာခဲ့တဲ့ လူငယ် အဆိုတော် ရွှေထူးနှင့် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ရပါတယ်။

ဟင်္သာ ။ ။ ကိုရွှေထူးအနေနဲ့ သီချင်းခွေတွေ ဘယ်နှစ်ခွေထွက်ခဲ့ပြီးပြီးလဲခင်ဗျား။
ရွှေထူး ။ ။ ကျွန်တော်ကတော့ အတွဲခွေတွေ အများကြီးထွက်ခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ပိုင် တစ်ကိုယ်တော် ခွေတွေကျတော့ ကျွန်တော်အနေနဲ့ တစ်ခွေပဲထွက်ဖူးသေးတယ်။ အဲဒီခွေကတော့ “စိတ်ကူးယဉ်စာအုပ်”ပဲ ဖြစ်တယ်။

ဟင်္သာ ။ ။ ကိုရွှေထူး သီချင်းတွေ အများကြီးဆိုခဲ့တယ်၊ အဲဒီအထဲကမှ ဘယ်သီချင်းကို အကြိုက်ဆုံးလဲ ခင်ဗျား။
ရွှေထူး ။ ။ လောလောဆယ်တော့ “လူဆိုး” ဆိုတဲ့သီချင်းကို ကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ခံစားချက်လည်း ဖြစ်တယ်၊ ပြီးတော့ ကျွန်တော်နဲ့အတူ ဆိုပေးထားတဲ့ အိုအေစစ်ရဲ့ ခံစားချက်လည်း ဖြစ်တယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ခံစားချက်မို့လို့ ကြိုက်တာပါ။

ဟင်္သာ ။ ။ “လူဆိုး” ဆိုတဲ့သီချင်းတွေ ဘယ်လိုရသတွေပါလဲခင်ဗျား။
ရွှေထူး ။ ။ အဓိကတော့ အဲဒီသီချင်းရဲ့ ရသကတော့ အရမ်းဆိုးသွမ်းတဲ့ ကောင်လေးတစ်ယောက်က အရမ်းဆိုးတဲ့ ကောင်လေးတစ်ယောက်ကို ကောင်မလေးက အရာရာသည်းခံနားလည်းပေးရင်း ချစ်နေတယ်ဆိုတဲ့ အကြောင်း ကိုယ်လိုလူဆိုးတစ်ယောက်နဲ့ သူ့အချစ်နဲ့မထိုက်တန်ဘူး ဆိုတဲ့အကြောင်းပါ။

ဟင်္သာ ။ ။ အဲဒီတစ်ကိုယ်တော်ခွေ “စိတ်ကူးယဉ်စာအုပ်”က MTV ထွက်ဖို့ရှိလား။
ရွှေထူး ။ ။ ဒီတစ်ကိုယ်တော်ခွေ “စိတ်ကူးယဉ်စာအုပ်”က MTV ရိုက်ထားပြီးပြီး ဖျော်ဖြေပွဲတွေလည်း ဆက်တိုက် သွားနေရတယ်။ ဒါပေမယ့် ဒီ MTV အခွေကိုတော့ ဖေဖော်ဝါရီလအတွင်းမှာ ဖြန့်ချီသွားမယ်။

ဟင်္သာ ။ ။ နောက်ထပ်သီချင်းခွေ အသစ်တွေထွက်ဖို့ ရှိသေးလား။
ရွှေထူး ။ ။ သီချင်းခွေ အသစ်တွေက ထွက်ဖို့ရှိတယ်။ ကြိုးစားနေတုန်းပါပဲ။

ဟင်္သာ ။ ။ သီချင်းခွေတွေ မထုတ်ရသေးပဲနဲ့ ကိုရွှေထူးအနေနဲ့ ဘယ်လိုကြောင့် သီချင်းအသစ်တွေ အွန်းလိုင်းပေါ်မှာ ဖြန့်ဖြစ်ခဲ့လဲ။
ရွှေထူး ။ ။ ကျွန်တော်နဲ့ ပရိသတ်တွေကြားမှာ အဆက်မပြတ်သွားအောင်၊ ကြားထဲမှာ နည်းနည်း ကြားသွားရင် ပရိသတ်တွေကို တစ်ပုဒ်တစ်ပုဒ်ပေးဖြစ်သွားတာပါ။ Second Album မလာခင်မှာ ပရိသတ်တွေ အတွက် နှစ်ပုဒ်ထပ်လာဦးမယ်။

ဟင်္သာ။ ။ ကိုရွှေထူးအနေနဲ့ ဘာဝါသနာအပါဆုံးလဲ။
ရွှေထူး ။ ။ ကျွန်တော်အနေနဲ့ ဝါသနာအပါဆုံးက ဘော်လုံးကန်တာတွေ၊ ဘတ်စကတ်ဘော်တွေ၊ Game ဆော့တာတွေ ဝါသနာပါတယ်။

ဟင်္သာ ။ ။ မော်လမြိုင်ကို ဘယ်တုန်းက ပထမဦးဆုံး ရောက်ရှိခဲ့လဲ။
ရွှေထူး ။ ။ ကျွန်တော်ငယ်ငယ်လေးက ကျွန်တော်အဘွားရဲ့ ညီမပေါ့နော်၊ ဒီမော်လမြိုင်မှာနေတော့ ကျွန်တော် သုံးတန်းလေးတန်း အရွယ်တုန်းက ဒီမော်လမြိုင်ကို ပထမဦးဆုံး ရောက်ဖူးတယ်။

ဟင်္သာ ။ ။ မွန်ပြည်နယ်မှာ ဘယ်နေရာကို သွားရတာသဘောကျလဲ။
ရွှေထူး ။ ။ ဒီမွန်ပြည်နယ်မှာဆို ကျွန်တော်သဘောအကျဆုံးကတော့ စက်စဲကမ်းခြေ၊ ကျွန်တော်လည်း အရင်ကတည်းက ကမ်းခြေကိုသဘောကျနေတာ ဒါကြောင့် အခုထိ ကျွန်တော်အသားတွေက ဖြူမလားဘူး။ နောက်ပြီး ဒီမော်လမြိုင်မြို့မှာလည်း ကျွန်တော်သဘောကျ နှစ်သက်တဲ့နေရာတွေ ရှိတာပေါ့၊ မနေ့ကလည်း ကျွန်တော်သွားဖြစ်တယ်၊ ဟိုတစ်ခေါက်ရောက်တုန်းကလည်း ကျွန်တော်သွားဖြစ်တယ်။ ရှုခင်းကြည့်တဲ့ နေရာလားမသိဘူး၊ အောက်ကိုကြည့်ပြီးတော့ နေဝင်သွားတာလေ။ အဲဒီနေရာကို ကျွန်တော် အရမ်းသဘောကျတယ်။

ဟင်္သာ ။ ။ ကိုရွှေထူးရဲ့ ချစ်ပရိသတ်တွေကို ဘာတွေပြောချင်လဲ။
ရွှေထူး ။ ။ မွန်ပြည်နယ်က ပရိသတ်တွေကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုလည်း အများကြီးအားပေးမယ်လို့လည်း မမျှော်လင့်ထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့အခေါက်မှ ကျွန်တော်ပထမဦးဆုံး ဆိုဖြစ်တဲ့အချိန်မှာ ပရိသတ်တွေ အများကြီး လာအားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ ဒီမွန်ပြည်နယ်က ပရိသတ်တွေအတွက် မကြာမကြာ လာရောက်ဖျော်ဖြေပေးပါ့မယ်လို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဟင်္သာ ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ဟင်္သာမီဒီယာကလည်း ကိုရွှေထူးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply