Advertisements

မော်လမြိုင်၊ မတ် ၂၆

မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား မတ်လ ၂၆ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး(တတိယနေ့)တွင် အတည်ပြုခဲ့သည်။

အဆိုပါ ငါးလုပ်ငန်းပြင်ဆင်သည့် ဥပဒေကြမ်းကို မွန်ပြည်နယ် ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားဖြင့် ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ငါးလုပ်ငန်းဥပဒေကို ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်သမ်းကတည်းက အတည်ပြုခဲ့သည့် ဥပဒေတစ်ရပ်ဖြစ်ပြီး မွန်ပြည်နယ်၏ ရေ၊ မြေ အနေအထားကို လိုက်လျော၍ အခြေခံဥပဒေဇယား(၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်သော်ငြားလည်း ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရန် လိုအပ်လာသည့်အတွက် ဥပဒေပြုရေးကော်မတီမှ အစည်းအဝေးပွဲများ၊ ကြားနားပွဲများ အကြိမ်ကြိမ်ပြုလုပ်ပြီး ပြင်ဆင်ရေးဆွဲခဲ့သည့် ဥပေဒဖြစ်ကြောင်း ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

မွန်ပြည်နယ်ငါးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌမှ တင်သွင်းသည့် မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းများအား မွန်ပြည်နယ်အတွက် ကောင်းမွန်သည့် ဥပဒေကြမ်းဖြစ်ပါသောကြောင့် ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမင်းစိုးလင်းက ဆိုလေသည်။

“ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့လည်း သယံဇာတငါးလုပ်ငန်းတွေ ထိန်းသိမ်းတဲ့အခါမှာ ပြည်နယ်အစိုးရအပြောင်းအလဲဖြစ်ခဲ့ရင် နောက်နောင် ထိန်းသိမ်းသွားနိုင်ဖို့အတွက်လည်း ဖြစ်နိုင်လို့ရှိရင် ငါးလုပ်ငန်းဥပဒေမှာ လိုအပ်တဲ့အပိုင်းတွေမှာ ပြင်ဆင်ဖြည့်စွက်ခဲ့မယ်ဆိုရင် ဥပဒေတစ်ရပ်အနေနဲ့ အခိုင်အမာရှိခဲ့မယ်ဆိုရင် ငါးလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ ကောင်းသွားလိမ့်မယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များမှ ပြင်ဆင်ဖြည့်စွက်ခဲ့သည် မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေကြမ်းကို ငါးလုပ်ငန်းများအတွက် အထောက်အကူဖြစ်သည့်အချက်အလက်များဖြစ်သည့်အတွက် ထောက်ခံဆွေးနွေးကြောင်း ဦးထွန်းဌေးက ဆိုသည်။

ယခင်မူလက မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေကို ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply