မော်လမြိုင်၊ ဇွန်လ ။       ။ မွန်ပြည်နယ်အစိုးရအဖွဲဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးနေရာအား ဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်ကို ဇွန်လ ၈ ရက်တွင် ကျင်းပသည့် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)၌ အတည်ပြုခဲ့သည်။

အဆိုပါ ဝန်ကြီးအတည်ပြုရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၁၂၀ (ဂ)နှင့် ငြိစွန်းနေသည်ဟုဆိုကာ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးထွန်းမင်းအောင်က အဆိုပြုကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ယင်းမှာ ဆွေးနွေးချက်သာဖြစ်ပြီး ကန့်ကွက်သည့်အဆိုတင်သွင်းထားခြင်းမရှိဟုဆိုကာ လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ်မှာဆို ကျွန်တော်တို့ နေရာမှာ ဥပဒေပြုရာအကြီးဆုံးနေရာဖြစ်တယ်။ ဒီမှာ ရှိနေတဲ့ပုဂ္ဂိုလ်တွေ ဒီကအကြီးအကဲတွေအပေါ် ပြည်သူတွေ အမြင်မပေးမှားစေချင်ဘူး။ ဒီမှာက စံပြဖြစ်အောင်နေရမယ်၊ ဥပဒေအတိုင်း နေရမယ်၊ ဥပဒေကို ကျော်လွန်လို့မရဘူး”ဟု ကန့်ကွက်ခဲ့သူ ဦးထွန်းမင်းအောင်က ပြောသည်။

ဇွန်လ ၇ ရက်တွင် စတင်ကျင်းပနေသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများခန့်အပ်တာဝန် ပေးခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၂ အရ ပြည်နယ်ဝန်ကြီးချုပ်မှ ဦးမင်းကျော်လွင်ကို အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ကန့်ကွက်နေတာက ဝမ်းနည်းစရာကောင်းပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေပြုတဲ့နေရာတွေမှာ ဥပဒေပြုကို မြန်မာလိုရော အင်္ဂလိပ်လိုရော သေချာဖတ်ဖို့လိုပါတယ်လို့ ပြောချင်ပါတယ်၊ အင်္ဂလိပ်လိုရေးထားတာ ရှင်းပါတယ်”ဟု ဦးမင်းကျော်လွင်က ကန့်ကွက်မှုအပေါ်တုံ့ပြန်ပြောင်းကြား ပြောကြားသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးနေရာကို ယခင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပူးတွဲတာဝန်ယူခဲ့ပြီး ဦးမင်းမင်းဦး ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်ခဲ့ပြီးနောက် စည်ပင်သာယာရေးကို မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအားနှင့် စက်မှု ဝန်ကြီး ဦးမင်းထင်အောင်ဟန်၊ ဆောက်လုပ်ရေးကိုမူ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ယာယီတာဝန်ယူခဲ့သည်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် အတည်ပြုခံရသော ဦးမင်းကျော်လွင်သည် မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး အသက် ၅၇ နှစ်ရှိကာ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ ဇာတိဖွား မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်၍ ၁၉၈၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအားနှင့် စက်မှုဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဗမာတိုင်းရင်းသားဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားဝန်ကြီးဌာန၊ ပအိုဝ်းတိုင်းရင်းသားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ၉ ခုဖြင့် ဖွဲ့စည်းထားသည်။

Written by – ရွှေရိုး

Leave a Reply