မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင်ဟောင်းအချို့ထည့်သွင်း၍ ပြန်လည်ဖွဲ့စည်း

မွန်ပြည်နယ်စည်ပင်သာယာကော်မတီကို အဖွဲ့ဝင်ဟောင်းအချို့ထည့်သွင်း၍ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။
ယင်းကော်မတီကိုအဖွဲ့ဝင်ရှစ်ဦးဖြင့် ပြန်လည်ဖွဲ့စည်းရာတွင် ယခင်အစိုးရလက်ထက် က တာဝန်ယူ ဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်ဟောင်း ၆ဦး ပါဝင်ကြောင်း ၎င်းက ဆိုသည်။ logo-copy

အဆိုပါ စည်ပင်သာယာကော်မတီအဖွဲ့ဝင်ရှစ်ဦးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်အောင်က ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါကော်မတီဝင်များထံမှ သိရှိရသည်။
အဖွဲ့ဝင်များအဖြစ် ဦးခင်ဝင်း၊ ဦးသန်းရွှေ၊ ဦးဖေစန်း၊ ဦးနေဝင်း၊ ဦးဇော်ဝင်းတို့ ပြန်လည် ပါဝင်ကာ ဒေါ်တင်တင်မြင့် တစ်ဦးတည်းသာ အဖွဲ့ဝင်အသစ်ဖြစ်ကြောင်း အဆိုပါစည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ဒါကိုဖွဲ့စည်းတာက ပြည်နယ်ဝန်ကြီးချုပ်က တိုက်ရိုက်ဖွဲ့စည်းတာဖြစ်မယ်၊ အရေးကြီးတာက ဒီအဖွဲ့ဝင်တွေက အငြိမ်းစားတွေဖြစ်ရမယ်၊ အင်ဂျင်နီယာလုပ်ငန်းအတွေ့အကြုံရှိတဲ့လူတွေ လူမှုရေးလုပ်ငန်း အတွေ့အကြုံရှိတဲ့လူတွေ ဒေါ်တင်တင်မြင့်က စာရင်းအင်းအတွေ့အကြုံရှိလို့ ထပ်မံရွေးချယ်ရတာဖြစ်တယ်”ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်အောင်က ဆိုသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ဇွန် ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့က ကျင်းပပြုလုပ်သော လွှတ်တော်အထူးအစည်းအဝေး၌ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက မွန်ပြည်နယ်စည်ပင်သာယာရေးနည်းဥပဒေကို ပြည်နယ်အစိုးရမှ မည်သို့မည်ပုံ အချိန်မီရေးဆွဲပြဋ္ဌာန်းပေးရန် အစီအစဉ်များနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် စည်ပင်သာယာရေးကော်မတီများ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို အချိန်မီဆောင်ရွက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

ပြည်နယ်စည်ပင်သာယာရေးကော်မတီကို ပြောင်းလဲဖွဲ့စည်းထားပြီးဖြစ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီများကို ပြန်လည်ဖွဲ့စည်းနိုင်ရန် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးအတွက် မူကြမ်းများ ရေးဆွဲဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြန်လည်ဖြေကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်စည်ပင်သာယာရေးကော်မတီကို အသစ်ပြန်လည်ရေးဆွဲထားသည့် မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေ၏ အခန်း (၄) ဥပဒေပုဒ်မ ၇ အရ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားခဲ့သည်။
“အထူးအစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ပြည်နယ်စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းပြီးသွားပြီးလို့ ဖြေကြားခဲ့တယ်၊ ကျွန်တော်အမြင်ပြောရလို့ရှိရင် ဒီလိုဖြေကြားမှုဟာ ဥပဒေနဲ့ သိပ်မညီဘူးလို့မြင်တယ်၊ စည်ပင်သာယာရေးကော်မတီကို ရပ်မိရပ်ဖအပိုင်းက ရွေးချယ်ရမယ်၊ လူထုဆန္ဒနဲ့ ရွေးချယ်ရမယ့်ကိစ္စတွေပါတယ်၊ တကယ်တမ်းကျတော့ ကျွန်တော်တို့က စည်ပင်သာယာရေးဥပဒေသာ ရေးဆွဲခဲ့တယ်၊ နည်းဥပဒေ မပြဋ္ဌာန်းနိုင်ခဲ့သေးဘူး”ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ထို့အပြင် စည်ပင်သာယာရေးကော်မတီ ရွေးချယ်ရေးကိစ္စနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းကို အစိုးရအဖွဲ့က ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းတွင် မရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းမရှိဘဲ ရွေးချယ်မှုအပိုင်းတွင် စနစ်တကျ ပြန်လည်ရွေးချယ်နိုင်ရေးနှင့် ရွေးချယ်မည့်လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲဖို့လိုအပ်နေကြောင်း ၎င်းက ပြောဆိုသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီကို လူထုက ရွေးချယ်ရမည့်စနစ်ဖြင့် ရွေးချယ်ရမည်ဖြစ်ပြီး နည်းဥပဒေမပြဋ္ဌာန်းနိုင်သေးခြင်းကြောင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်း၍ လွှတ်တော်ပြန်တင်ပြမည်ဖြစ်ရာ လက်ရှိတွင် ပြည်နယ်စည်ပင်သာယာရေးကော်မတီရွေးချယ်ဖွဲ့စည်းထားသည့် အမည်စာရင်းကိုလည်း ပေးပို့ထားခြင်းမရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ပြောင်းလဲချိန်တန်ပြီးဆိုတော့ ပြောင်းလဲသင့်တယ်၊ အခုစည်ပင်သာယာမှာလုပ်တဲ့သူတွေက ဟိုဘက်အစိုးရနဲ့ ရင်းနှီးဆက်နွှယ်ပြီး ပါဝင်နေတဲ့လူတွေများတယ်၊ သူတို့ပဲ ပြန်သုံးတော့ အပြောင်းအလဲတစ်ခု မဖြစ်ဘူးပေါ့၊ နောက်ပြီး သူတို့တွေက ပြည်သူ့ဆန္ဒသဘောခံယူပြီး ရွေးထားတဲ့လူတွေမဟုတ်တော့ မကောင်းဘူးပေါ့” ဟု မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းကွန်ရက်မှ ဦးမောင်မောင်ဇော်ထွန်းက ဆိုသည်။

အဆိုပါ ပြည်နယ်စည်ပင်သာယာရေးကော်မကီအနေဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ တင်ပြချက်များကို ဆုံးဖြတ်ဆောင်ရွက်ခြင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း၊ စီမံချက်များကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ကြောင်း ဦးမြင့်အောင်က ပြောကြားသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏သက်တမ်းသည် ငါးနှစ်ဖြစ်ပြီး ပြန်လည်ဖွဲ့စည်းရန်အတွက် သက်တမ်းမပြည့်သေးခြင်းကြောင့် မဖွဲ့စည်းနိုင်သေးကြောင်း၊ အဆိုပါကော်မတီကို ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ဖွဲ့စည်းနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.