မော်လမြိုင်၊ စက်တင်ဘာ ၁၉

အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်ဆိပ်ကမ်းနယ်နိမိတ်အတွင်းရှိ လုပ်ငန်းလုပ်ကိုင်ခွင့်ကုမ္ပဏီများက ပြည်နယ်အစိုးရအဖွဲ့ထံ အခွန်အခ ပေးသွင်းထားခြင်းမရှိသေးကြောင်း ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးက ပြောကြားသည်။

လွှတ်တော်အစည်အဝေး၌ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ဆက်စပ်မေးခွန်းသုံးခု မေးမြန်းရာတွင် ယင်းမေးခွန်းများကို နှုတ်ဖြင့်ကြိုးစားဖြေပေးရန် လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိက တိုက်တွန်းပြောကြားရာတွင် ၎င်းက ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မေးခွန်းရှင် ဦးထွန်းမင်းအောင်က Long Life ကုမ္ပဏီမှ ကိုယ်ပိုင်တည်ဆောက်ထားသောဆိပ်ကမ်းအတွက် လစဉ်ပေးသွင်းထားသော အခွန်အခ မည်မျှရရှိ ထားသည်ကို မေးမြန်းရာတွင် အခွန်အခနှင့်ပတ်သက်ပြီး ၎င်းကုမ္ပဏီက ပေးသွင်းထားခြင်း မရှိသေး ကြောင်း ဦးထွန်းဌေးက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းအပြင် ဦးထွန်းမင်းအောင်က ”မွန်ပြည်နယ် က ဆိပ်ကမ်းတွေ ပုဂ္ဂလိကလုပ်ငန်းရှင်ကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုတဲ့နေရာမှာ ဘယ်ဥပဒေတွေ၊ နည်းဥပဒေ တွေနဲ့ လုပ်ကိုင်ခွင့်ပြု နေသလဲ၊ လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီတွေကိုလည်း ပြည် နယ်အစိုးရအဖွဲ့က ဘယ်လိုကြပ် မတ်ထိန်းကျောင်းနေ သလဲ။ နောက် သူတို့တွေဆီကနေ အခွန်အခတွေ ကောက်ခံရရှိမှု အခြေအနေကို သိလိုပါတယ်”ဟု မေးမြန်းခဲ့သည်။

မွန်ပြည်နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းနယ်နိမိတ်အတွင်း၌ လုပ်ငန်း၊ လည်ပတ် လုပ်ကိုင်နေသော ပုဂ္ဂလိက ဆိပ်ကမ်းမရှိသေးကြောင်း၊ ဆိပ်ကမ်းနယ်နိမိတ်အတွင်း တည်ဆောက်ဆဲ ပုဂ္ဂလိကဆိပ်ကမ်းတစ်ခုအား ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှုဖြင့် အစိုးရအဖွဲ့ကိုယ်စား ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ စာချုပ် ချုပ်ဆို၍ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း ဦးထွန်းဌေးက ဖြေကြားခဲ့သည်။

ပြည်နယ်ဆိပ်ကမ်းနယ်နိမိတ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရကုမ္ပဏီများကို ၎င်းဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်ရာတွင် ကုန်ပစ္စည်းများနှင့် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း၊ ဆိပ်ကမ်းကပ်ခနှုန်းထား သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ စောင့်ကြည့်ထိန်းကျောင်းရန်ဆောင်ရွက်ထားကြောင်း ၎င်းက ပြောသည်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ထိန်းသိမ်းကြီးကြပ်မှုဖြင့် မြို့မဆိပ်ခံတံတား အကြီးစားမွမ်းမံတည်ဆောက်ခြင်းနှင့် နှစ်ရှည်ငှားရမ်း လုပ်ဆောင်ခြင်းကို Than Lwin Angel ကုမ္ပဏီက ၂ဝ၁၅ ခုနှစ်တွင် နှစ် ၂ဝ သက်တမ်းဖြင့် ငှားရမ်းခဲ့ပြီး ယင်းကုမ္ပဏီက မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ တစ်လလျှင် ကျပ်တစ်သိန်းပေးသွင်းရန် စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

ထားဝယ်တံတား အဆောက်အအုံအား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် ကုန်ကျစရိတ်စိုက်ထုတ်၍ တာဝန်ယူပြင်ဆင်ဆောက်လုပ်သည့် UHM Family ကုမ္ပဏီနှင့် ၂ဝ၁၂ ခုနှစ်တွင် စာချုပ်ချုပ်ဆို၍ စည်ပင်အဖွဲ့ရန်ပုံငွေအဖြစ် တစ်လလျှင် ကျပ်တစ်သိန်း ပေးသွင်းကာ လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ရာမညဆိပ်ခံတံတား အကြီးစားမွမ်းမံပြင်ဆင်ခြင်းကို Golden Mawlamyine ကုမ္ပဏီက ၂ဝ၁၅ ခုနှစ်တွင် နှစ်၂ဝ ငှားရမ်း လုပ်ကိုင်ခဲ့ပြီး ငှားရမ်းခမှာ ပထမငါးနှစ်အတွက် တစ်လလျှင်ကျပ်နှစ်သိန်း၊ ဒုတိယငါးနှစ်အတွက် တစ်လလျှင်ကျပ်သုံးသိန်း သတ်မှတ်ထားပြီး တတိယငါးနှစ်နှင့် စတုတ္ထငါးနှစ်အတွက် ပြည်နယ်အစိုးရအဖွဲ့က ကော်မတီဖွဲ့စည်းလျက် ပြန်လည်ညှိနှိုင်းသတ်မှတ်သွားမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။

Written by – ရွှေရိုး

Leave a Reply