မွန်ပြည်နယ်ရှိ ခြံထွက် ဒူးရင်းသီးများသည် ယခင်နှစ်ထက် ယခုနှစ်တွင် ဈေးကွက်အတွင်း ဈေးကောင်း ရရှိလျက်ရှိကြောင်း မွန်ပြည်နယ် သီးနှံဈေးကွက်အတွင်းမှ သိရသည်။

ယခုကာလတွင် မော်လမြိုင်နှင့် သထုံမြို့များမှ ခြံထွက် ဒူးရင်းသီးများမှာ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးရရှိပြီး ယခင်နှစ်ထက် ဈေးကောင်းရလျက်ရှိကြောင်း သထုံမြို့နယ်ရှိ ဒူးရင်းသီး အရောင်းဆိုင်ပိုင်ရှင် ဒေါ်ပိုက်က ပြောသည်။

မွန်ပြည်နယ်ရှိ ခြံထွက် ဒူးရင်းသီးများမှာ ရာသီဥတု အပြောင်းအလဲများကြောင့် ထွက်ရှိမှု နည်းပါးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများသို့ တင်ပို့ရာတွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်က သီးနှံ ရှားတဲ့တွက်ကြောင့် ဈေးကောင်းပိုရတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင်းရှိ ယိုးဒယား ဒူးရင်းသီးများမှာလည်း တစ်လုံးလျှင် ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ဈေးနှုန်းရှိပြီး ခြံထွက် ဒူးရင်းသီးများထက် အရောင်းနည်းလျက်ရှိကြောင်း ဒူးရင်းသီး ရောင်းဝယ်သူများထံမှ သိရသည်။

ယခုအချိန်တွင် ဒူးရင်းသီး ဈေးကောင်းရနေသော်လည်း ရေးမြို့နယ်မှ ထွက်ရှိသည့် လူကြိုက်များသော ရေးဒူးရင်းသီးများမှာ ဈေးကွက်အတွင်း မရောက်ရှိသေးကြောင်း မွန်ပြည်နယ်ရှိ ဒူးရင်းသီး ရောင်းဝယ်သူများက ပြောသည်။

Written by- ရင်ငြိမ်းချမ်း

Leave a Reply