မော်လမြိုင်၊ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်တွင် နှစ် ၈၀ ပြည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် ပြည်နယ်အစိုးရ၊ တိုင်းရင်းသား ရန်ပုံငွေမှ ငွေကျပ် သိန်း ၅၀၀ ကျော် ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ကရင်တိုင်းသားရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်ထံမှ သိရသည်။

ယခင်နှစ်က နှစ်သစ်ကူးပွဲတော်ကို မြို့နယ်အဆင့်သာ ကျင်းပခဲ့ပြီး တစ်မြို့နယ်လျှင် ငွေကျပ် ၁၅ သိန်းသာ ထောက်ပံ့ခဲ့ရာမှ ယခုနှစ်တွင်မူ တစ်မြို့နယ်လျှင် ကျပ် သိန်း ၄၀ ထိထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ၊ ယခင်က မြို့နယ်အဆင့်ထိသာ ထောက်ပံ့နိုင်ခဲ့ပြီး ယခုအခါ ကျေးရွာ ၂၁ ရွာကိုပါ ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြောသည်။

ယခင်အစိုးရအဆက်ဆက်တွင် ယင်းသို့ ထောက်ပံ့ပေးခြင်းမရှိခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ပေးအပ်ခြင်းကြောင့် ကရင်တစ်မျိုးသားလုံး စိတ်အားထက်သန်လာပြီး ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (မွန်ပြည်နယ်) အတွင်းရေးမှူး စောစန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ ဒီတိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ မချန်ထားဘူးဆိုတာ ကျွန်တော်တို့ဆီမှာဝင်လာတာပေါ့ ။အဲဒီမှာ ဘာတွေ ရလာလဲဆိုတော့ စည်းလုံးညီညွှတ်မှုက တစ်ယောက်နဲ့ တစ်ယောက် အမြင်ကြည်လင်မှုက ပိုပြီးတော့ အားကောင်းလာတဲ့ သဘောပေါ့” ဟု ၎င်းကထပ်လောင်းပြောသည်။

ထို့ပြင် နှစ် ၈၀ ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကိုလည်း မော်လမြိုင်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။

Written by ရင်ငြိမ်းချမ်း

Leave a Reply