ပုံစာ - မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(မော်လမြိုင်၊ ဇူလိုင် ၂၄)

မော်လမြိုင် ဇူလိုင် ၂၄

လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း လာရောက်တင်သွင်းထားသည့် ပါတီ ဇူလိုင် ၂၄ ရက်နေ့အထိ မရှိသေးကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်ထံမှ သိရသည်။

“လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းမှာ မနေ့ကထိကို ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတာ မရှိသေးဘူး။ ကိုယ်စားလှယ်လောင်းအမည်သွင်းတာ ကာလတလျှောက် ရုံးပိတ်ရက်တွေမှာလည်း အမည်စာရင်း တင်သွင်းတာတွေကို လက်ခံပေးနေပါတယ်”ဟု ၎င်းက ဇူလိုင် ၂၄ တွင် ပြောသည်။

အမည်စာရင်းတင်သွင်းခြင်းကို ရုံးပိတ်ရက်များတွင်လည်း လက်ခံပေးပြီး ယင်းလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စတို့ကို သတ်မှတ်ထားသည့် ပြည်နယ်တရားရုံး၊ ဘဏ်များကို ရုံးပိတ်ရက်များတွင် ဆောင်ရွက်စေကြောင်း ၎င်းကဆိုသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ဇူလိုင် ၂၀ ရက်နေ့မှစတင်ပြီး ဩဂုတ် ၇ ရက်တွင် အပြီးသတ်ဆောင်ရွက်ထားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

မွန်ပြည်နယ်အတွင်း လွှတ်တော်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၀)နေရာ၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂၀)နေရာ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် (၃) နေရာ၊ စုစုပေါင်း (၄၅) နေရာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်တွင် တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဩဂုတ် ၁၀ ရက်နေ့အထိရုတ်သိမ်းနိုင်ကြောင်း ၎င်းထံမှသိရသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းစိစစ်မှုကို ဩဂုတ် ၁၁ မှ ၁၇ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်း(ဟင်္သာမီဒီယာ)

ပုံစာ – မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(မော်လမြိုင်၊ ဇူလိုင် ၂၄)

Leave a Reply