Advertisements

မော်လမြိုင်၊ ဧပြီ

မွန်ပြည်နယ်တွင် ယခုနှစ် ဧပြီ ၂၄ ရက်နေ့အထိ မြို့နယ် လေးမြို့နယ်မှ ကျေးရွာပေါင်း ၁၉ ရွာ၌ ရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေနေရပြီဖြစ်ကြောင်း ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန ဒုတိယ ညွန်ကြားရေးမှူး (နည်းပညာ) ဦးဝင်းနိုင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ရေရှားပါးမှု ဖြစ်ပေါ်နေသည့် ကျေးရွာများတွင် ဘီးလင်းမြို့နယ် လေး ရွာ၊ ပေါင်မြို့နယ် ခုနှစ် ရွာ၊ သထုံမြို့နယ် လေး ရွာ နှင့် ချောင်းဆုံမြို့နယ် လေးရွာတို့ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ပြည်နယ်မှာ အခုနှစ် ဧပြီလကုန်မှ ရေစရှားတာ ဖြစ်တယ်၊ မနှစ်ကဆို သင်္ကြန်မကျခင်ကတည်းက ရေရှားနေတယ်”ဟု ဦးဝင်းနိုင်က ဆိုသည်။

ရေရှားသည့် ကျေးရွာများအနေဖြင့် မိမိတို့ ဒေသတွင် ရေရှားပါးမှု ဖြစ်ပေါ်နေသည့် အကြောင်းကို သက်ဆိုင်ရာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးထံ ဆက်သွယ်နိုင်ပြီး ဆက်သွယ်လာပါက ရေပေးဝေမှုများကို စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်မတို့ ရွာမှာတော့ ရေ စရှားနေပြီး၊ သောက်ရေအတွက် အခက်အခဲ နည်းနည်းဖြစ်နေတယ်၊ လာလှူတဲ့ လူသူတွေလည်း ရှိတယ်”ဟု ပေါင်မြို့နယ် အလှပ်ကျေးရွာနေ ဒေါ်မြင့်ဝင်းက ဟင်္သမီဒီယာသို့ ပြောဆိုသည်။

ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်များ၌ ရေရှားပါးဖူးသည့် ရွာများတွင် အဝီစိတွင်းတူးပေးခြင်း၊ လက်တူးတွင်း တူးပေးခြင်း၊ မြေသားမိုရေလှောင်ကန်များတည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ထားပြီး အဝီစိတွင်း တူးဖော်၍ မရသည့် ကျေးရွာများကို ရေတွန်းပို့သည့် စနစ်ဖြင့် လုပ်ဆောင် ပေးလျက်ရှိကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

မွန်ပြည်နယ်တွင် နှစ်စဉ် ပင်လယ်နှင့် နီးသည့် ကျေရွားများ၌ နွေရာသီ ရောက်တိုင်း ရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရပြီး ထိုအခြေအနေကို ကျေးလက် ဦးစီးဌာန အပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် NGO တို့ကလည်း သွားရောက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။

ဂေထော

Advertisements
<

Leave a Reply