မော်လမြိုင်၊ မတ် ၁၄ ။ ။ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်များမြင့်တက်နေသော မြန်မာနိုင်ငံ၌ မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ဆယ်ခုတို့တွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမှာ လွန်ကဲအဆင့်(Extreme Level) သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

မွန်ပြည်နယ်၊မော်လမြိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများ၌ မတ်လ ၁၄ ရက်နေ့တွင် ခရမ်းလွန်ရောင်ခြည်မှာ အညွှန်းကိန်း ၁၂ အထိရောက်ရှိနေပြီး နောက်ပိုင်းတွင် အညွှန်းကိန်း ၁၅ အထိမြင့်တက်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“အခုကအမြင့်ဆုံးမဟုတ်သေးဘူး။ဒီထက်မြင့်ဖို့ရှိတယ်။လွန်ကဲအဆင့်ကတော့ အမြင့်ဆုံးပေါ့”ဟု ဦးထွန်းလွင် က ဆိုသည်။

ခရမ်းလွန်ရောင်ခြည်မှာ တစ်နေ့ထက်တနေ့ပိုမိုမြင့်တက်နေပြီး ထိ်ုသို့မြင့်တက်လာမှုကြောင့် အောက်မြန်မာ ပြည်နှင့် အလယ်ပိုင်းဒေသများတွင် အကာအကွယ်ဖြင့်သွားရောက်ရန်လိုအပ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။
wheather_mm
ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ရန် ထူထဲသောအဝတ်အစားများ လုံလုံခြုံခြုံဝတ်ဆင်ခြင်း၊ မျက်နှာ နေမထိုးအောင် ထီးဆောင်းခြင်း၊ အနားကျယ်သော ဦးထုပ်ဆောင်းခြင်း၊ UV ခရင်(မ်) အလှပြင်သုံးပစ္စည်းများ လိမ်းခြယ်ခြင်းတို့ပြုလုပ်သင့်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက အကြံပြုပြောဆိုသည်။

“ခရမ်းလွန်ရောင်ခြည်က အရေပြားနဲ့ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာတွေ ဖြစ်တတ်တဲ့အတွက် နေပူထဲ သွားမယ် ဆိုရင် နေရောင်နဲ့ တိုက်ရိုက် အထိမခံဖို့လိုတယ်။ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း နေပူဒဏ်ကို အကာ အကွယ် ရနိုင်တဲ့ အဝတ်အစားတွေ ဝတ်ရမယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် အပူနှင့်ထိတွေ့သည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရသူများသည် အပူချိန်ပြင်းထန်သော အချိန်တွင် အရိပ်ရသည့် နေရာများ၌ အနားယူသင့်ကြောင်း၊ ထို့အတူ ခန္ဓာကိုယ်အတွင်း ရေနှင့် ဆားဓာတ်များ ဆုံးရှုံးမှု မရှိစေ ရန် ရေနှင့် ဓာတ်ဆားရည်များ သောက်သုံးသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။

ဆီချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက် ကောင်းသော နေရာမျိုး၌ နားနေသင့်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ နှိုးဆော်စာတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း မွန်ပြည်နယ်ကဲ့သို့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းလွန်ကဲ့အဆင့်သို့ ရောက်ရှိနိုင်သော ဒေသများမှာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည် နယ် တို့အပြင် ဧရာဝတီ၊ရန်ကုန်၊ပဲခူး၊တနင်္သာရီနှင့် မန္တလေးတိုင်းတောင်ပိုင်းတို့တွင် ဖြစ်ကြောင်း မိုးလေ ဝသပညာရှင် ဦးထွန်းလွင်က ပြောကြားထားသည်။

Leave a Reply