မွန်ပြည်နယ်အတွင်းငါးသယံဇာတရေရှည်တည်တံ့ထိန်းသိမ်းရေးအတွက် စုပေါင်းစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်းရေသယံဇာတနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများကပြောကြားသည်။

fisher

ဇူလိုင်လ ၂၆ ရက်နေ့ကမော်လမြိုင်မြို့၊ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ကျင်းပသည့် ဒေသတွင်းငါးသယံဇာတထိန်းကျောင်းခြင်းဆိုင်ရာပတ်သက်ဆက်နွယ်သူများတွေ့ဆုံဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲတွင် အဆိုပါအဖွဲ့အစည်းများကပြောကြားခဲ့ခြင်းဖြစ်သည်။

ငါးသယံဇာတရေရှည်ထိန်းသိမ်းရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၊ ရေတပ်၊ ထွေ/အုပ်၊ ကျေးလက်၊ သစ်တောဦးစီးဌာနကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များတို့ ပူးပေါင်းပါဝင်သည့် စုပေါင်းစီမံခန့်ခွဲအဖွဲ့ဖွဲ့ရန်လိုအပ်ကြောင်းဖွံ့ဖြိုးရေးပညာ့ရောင်ခြည်(CDEC)အဖွဲ့မှ အစီအစဉ်ညှိုနှိုင်းရေးမှူး ဒေါ်ကေသီကပြောသည်။

“ကိ်ုယ့်မြို့နယ်မှာရှိတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်တွေကိုထိန်းသိမ်းတာ၊ ငါးမျိုးစိတ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းတာ၊ ဒီရေတောထိန်းသိမ်းတာ၊ အသိပညာပေးတာ၊ ငါးမဖမ်းရရာသီငါးမဖမ်းရနေရာတွေမှာစနစ်တကျနဲ့ စီမံခန့်ခွဲတဲ့ဟာတွေ ကိုယ့်နေရာ၊ ကိုယ့်ပိုင်နက်ကိုကိုယ်ထိန်းသိမ်းရင် ပိုအားကောင်းလာမယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့သောအဖွဲ့များကိုရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဖွဲ့စည်းထားပြီးဖြစ်၍ မွန်ပြည်နယ်တွင်အဖွဲ့ဖွဲ့ရန်၊ အဖွဲ့၏ခိုင်မာမှုနှင့် ရပ်တည်နိုင်မှုတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်၏ အားပေးကူညီမှုကိုလိုအပ်ကြောင်းငါးသယံဇာတထိန်းသိမ်းရေးလုပ်ဆောင်နေသည့် ဖွံ့ဖြိုးရေးပညာ့ရောင်ခြည်အဖွဲ့ထံမှ သိရသည်။

အဆိုပါစုပေါင်းစီမံခန့်ခွဲအဖွဲ့ကိုစနစ်တကျကောင်းမွန်အောင်တည်ဆောက်နိုင်ရန်မှာလည်းအရေးကြီးကြောင်းပျိုးပင် အဖွဲ့မှ Coalition Facilitator-Fishery ဦးအောင်အောင်နိုင်ကအကြံပြုပြောဆိုသည်။

“ကုန်းပေါ်မှာသယံဇာတတွေပြုန်းတီးတာတို့၊ သစ်တောပြုန်းတီးတာတို့ကရှင်းရှင်းမြင်နိုင်တယ်။ ရေထဲမှာသယံဇာတပြုန်းတီးတာတွေတော့ လတ်တလောဒီတိုင်းကြည့်ရုံနှင့် မမြင်နိုင်ဘူး၊ လူတော်တော်များများလည်း ထိခိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် ရေသယံဇာတနှင့် ပတ်သက်၍ မြို့နယ်အဆင့်အဖွဲ့ရှိခဲ့သော်လည်းအဖွဲ့အချင်းချင်းသတင်းအချက်အလက်ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကိုဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင်အားနည်းချက် များတွေ့ရှိခဲ့ကြောင်း၊ယင်းကြောင့် ပြည်နယ်အဆင့် အဖွဲ့ဖွဲ့စည်းရာတွင်အောက်ခြေအဆင့်အဖွဲ့များကခိုင်မာရန်လိုကြောင်းCDEC အဖွဲ့မှ Senior Progrmme Coordinator ဦးခင်မောင်ထွေးကပြောသည်။

ဖွံ့ဖြိုးရေးပညာ့ရောင်ခြည်အဖွဲ့(CDEC)သည် မွန်ပြည်နယ်အတွင်းငါးသယံဇာတဖွံ့ဖြိုးရေးဆိုင်ရာအတူပူးပေါင်းစီမံခန့်ခွဲစနစ်ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးပွဲများမကြာခဏပြုလုပ်လေ့ရှိပြီးယင်းဆွေးနွေးပွဲများမှ ရလဒ်များကိုပြည်နယ်လွှတ်တော်၏ ဥပဒေပြုရေးအခန်းကဏ္ဍတွင် ပိုမိုကောင်းမွန်သောငါးလုပ်ငန်းဥပဒေတစ်ရပ်ကိုပြင်ဆင်ရေးဆွဲနိုင်ရေးအတွက်အထောက်အကူပြုရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်းယင်းအဖွဲ့ထံမှ သိရသည်။

Leave a Reply