မွန်ပြည်နယ်တွင် စက်မှုဇုန်တည်ဆောက်ရန် လျာထားသောမြေနေရာများကို မြို့နယ် လေးမြို့နယ်မှ တင်ပြထားကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးဝဏ္ဏကျော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။
enginner

စက်မှုဇုန်တည်ဆောက်နိုင်သည့် မြေနေရာများကိုရှာဖွေတင်ပြရန် မြို့နယ်တိုင်းရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ စာပို့အကြောင်းကြားထားရာ လက်ရှိအချိန်တွင် မြို့နယ်လေးမြို့နယ်က ပြန်လည်အကြောင်းပြန်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါစက်မှုဇုန် ဆောက်လုပ်ရန်အတွက် တင်ပြထားသော မြေနေရာတွေမှာ မုဒုံမြို့နယ်၊ ပေါင်မြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ကို မွန်ပြည်နယ်အစိုးရထံ တင်ပြထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

“လောလောဆယ် ရရှိထားတဲ့ စာရင်းပါ။ တခြားမြို့နယ်က ထပ်တက်ရင်လည်း တက်လာနိုင်တယ်” ဟု အဆိုပါ ဦးဝဏ္ဏကျော်က ပြောသည်။

စက်မှုဇုန်တည်ဆောက်ရန် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ထားသော်လည်း အဆိုပါစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်မချရသေးကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့က နေရာအကုန် လုပ်ချင်တယ်။ အဓိကတော့ ရင်းနှီးမြှုပ်နှံသူတို့ရဲ့ ရွေးချယ်မှုအပေါ် မူတည်တာပေါ့နော်။ အကျိုးအမြတ်ရနိုင်မယ့် နေရာမျိုးကိုပဲ ရင်းနှီးမယ့်လူတွေက စိတ်ဝင်စားမှာပေါ့၊ ဘယ်နေရာကြိုက်လဲ ဘာညာမသိရသေးဘူး” လို့ ၎င်းက ထပ်မံပြောဆိုသည်။

မွန်ပြည်နယ်အတွင်း စက်မှုဇုန်နှင့် စက်ရုံများ ပိုမိုများပြားလာပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“သူများနိုင်ငံတွေပေးတဲ့ လုပ်ခလစာလိုမျိုး ကိုယ်နိင်ငံကိုလည်း အဲ့လိုပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်လာအောင် ဖန်တီးပေးနေတာပါ အဲ့ဒါမှလည်း အဆင်ပြေမယ်” ဟုဦးဝဏ္ဏကျော်က ဆက်လက်ပြောသည်။

ထိုသို့ စက်မှုဇုန်တည်ဆောက်သည့်နေရာကို ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်တွေအပေါ် မူတည်ပြီ်း ရွေးချယ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

ထို့ပြင် အမှန်တကယ်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကိုသာ ရွေးချယ်စိစစ်၍ စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ဆိုသည်။

လက်ရှိအချိန်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက စက်မှုဇုန်လုပ်ငန်းများ တည်ဆောက်ရန်အတွက်
မြို့နယ်များမှ တင်ပြလာသည့် မြေနေရာများကို လိုက်လံကြည့်ရှု စစ်ဆေးလျက်ရှိသည်။

Leave a Reply