မော်လမြိုင်၊ စက်တင်ဘာ ၁၃

NLD အစိုးရသက်တမ်းကာလတစ်လျှောက် မွန်ပြည်နယ်အတွင်းမှ စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးကို အရေးယူမှုပြုလုပ်ထားကြောင်း ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ပြည်နယ်အတွင်း လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းအချို့က လယ်ယာမြေများကို အကွက်ရိုက်ရောင်းချခြင်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် မည်သို့ အရးယူဆောင်ရွက်သွားမည်ကို စက် တင်ဘာလ ၈ ရက် လွှတ်တော်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ် သည်။

“တချို့တွေက ငွေကြေးပိုင်းမှာ တကယ်ပါဝင်ပတ်သက်နေတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတယ်၊ တခြားပြစ်မှုတွေနဲ့ ပတ်သက်မယ်ဆိုရင်လည်း ပြစ်မှုဆိုင်ရာပုဒ်မနဲ့ အရေးယူတယ်။ ဝန်ထမ်းဆိုရင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အရေးယူတယ်”ဟု ဦးထွန်းဌေးက ပြောသည်။

မြေစာရင်းဝန်ထမ်း ၃၃ ဦး အရေးယူခံရသည့်ကိစ္စမှာ ယခင်အစိုးရလက်ထက်က ကျုးလွန်ထားသည့်ကိစ္စရပ် များကို လက်ရှိ အစိုးရက ပြန်လည်ဖော်ထုတ် အရေးယူခဲ့ခြင်းဖြစ်ပြီး ဒုမြို့နယ်ဦးစီးမှူးရာထူးအဆင့်ထိပါဝင်ကြောင်း၊ နောက်နောင်များတွင်လည်း စည်းမျဉ်း စည်းကမ်းများ လိုက်နာမှုမရှိသည့် ဝန်ထမ်းများအား အရေးယူရန် ငဲ့ညှာသွားမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က တင်ပြလာတဲ့အပေါ်မှာ စိစစ်ရေးအဖွဲ့ဖွဲ့ပြီး ပေါ်လွင်ထင်ရှားမှုရှိတယ်ဆိုရင် ဘယ်လိုပြစ် မှုကျူးလွန်လဲဆိုတာ ဆုံးဖြတ်သွားမယ်”ဟု ဦးထွန်းဌေးက ထပ်လောင်းပြောကြားသည်။

လူထုအတွက် တာဝန်ခံမှုအပြည့်နှင့် အကာအကွယ်၊ လုံခြုံစိတ်ချရမှု အစဉ်ရှိနေရန် လိုအပ်ကြောင်း၊ တိုင်ကြားမှသာလျှင် အရေးယူဆောင်ရွက်ပေးမည်ဆိုပါက တာဝန်ခံမှုရှိသည့် အစိုးရဟု ဆိုနိုင် မည်မဟုတ်ကြောင်း ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

“တိုင်ကြားစရာမလိုအောင်၊ ဒီလိုလုံးဝမဖြစ်ပေါ်လာစေရေးအတွက် မိမိတို့ဘက်မှ တာဝန်ယူကြီးကြပ် ဆောင် ရွက်သွားမယ်လို့ တာဝန်ခံမှုအပြည့်နဲ့ ပြောနိုင်မှသာ တာဝန်ခံမှုရှိတဲ့အစိုးရ၊ တာဝန်ခံမှုရှိတဲ့ဝန်ကြီးအဖြစ် သတ်မှတ်နိုင်လိမ့်မယ်”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အလားတူ မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပါဝင်ပတ်သက် နေသူများ ဌာနဆိုင်ရာများ ရပ်တန့်ကြရန်၊ မရပ်တန့်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လအတွင်းက မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

Leave a Reply