မော်လမြိုင်၊ နိုဝင်ဘာ ၂၇

မွန်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကြီး လေး ခုအနက် စွမ်းအင်ကဏ္ဍမှာ အများဆုံးဖြစ်နေပြီး၊ ကန်ဒေါ်လာ ၄၉၈၇ ဒဿမ ၉၈ သန်းအထိ ရှိလာပြီဖြစ်ကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု၌ စွမ်းအင်ကဏ္ဍတွင် ကန်ဒေါ်လာ ၄၉၈၇ ဒဿမ ၉၈ သန်း၊ စက်မှုနှင့် ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၆၂၅ ဒဿမ ၀၅ သန်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် ကန်ဒေါ်လာ ၁၃၉ ဒဿမ ၄၃၈ သန်း၊ လျှပ်စစ်ကဏ္ဍတွင် ကန်ဒေါ်လာ ၁၁၆ ဒဿမ ၉၂၁ သန်းအထိ အသီးသီးရှိနေပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၅၈၆၉ ဒဿမ ၃၅၉ သန်းအထိ ရှိနေပြီဖြစ်သည်။

ထို့အပြင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် စွမ်းအင်ကဏ္ဍ ၁၉ ခု ၊ စက်မှုနှင့် ထုတ်လုပ်မှုကဏ္ဍတွင် ငါး ခု၊ ၊ ဝန်ဆောင်မှု ကဏ္ဍ လေး ခုနှင့် လျှပ်စစ်ကဏ္ဍ တစ်ခု ရှိနေပြီး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၉ ခုအထိ ရှိနေသည်။ ထိုစာရင်း မှတ်တမ်းသည် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှူ ဦးစီးဌာန၏ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာ လကုန်အထိ စာရင်များသာ ဖြစ်သည်။

စာရင်းအရ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများတွင် မလေးရှားနိုင်ငံ PTTEP International Ltd က ကန်ဒေါ်လာ၂၁၄၆ သန်း ၊ UK နိုင်ငံ Andaman Transpiration Ltd က ကန်ဒေါ်လာ ၄၉၉ သန်း၊ ပြင်သစ်နိုင်ငံ Total E&P Myanmar က ကန်ဒေါ်လာသန်း ၄၆၅ ၊ UK နိုင်ငံ Moattama Gas Transportation Co,Ltd က ကန်ဒေါ်လာသန်း ၅၈၀ သန်းအထိ လာရောက်မြှုပ်နှံထားသည်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံများတွင် စင်ကာပူ၊ မလေးရှား၊ UK ၊ ပြင်သစ်၊ ထိုင်း အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက လာရောက်မြှုပ်ထားပြီး၊ စင်ကာပူနိုင်ငံက လုပ်ငန်း ခြောက် ခုအထိ ရင်းနှီးမြှုပ်နှံထားသည်။

သို့သော်လည်း ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့မှာ ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံထားမှု မရှိသေးပေ။

ယခု ဘဏ္ဍာရေးနှစ် ဧပြီလမှ အောက်တိုဘာလကုန်အထိ နိုင်ငံခြား ကုမ္ပဏီ ငါးခုမှ ကန်ဒေါ်လာ ၄၃၆ ဒဿမ ၃၅၉ သန်း မြှုပ်နှံထားကြောင်း တွေ့ရှိရသည်။

သို့သော်လည်း NLD အစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်တွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ တစ်စုံ တစ်ရာ ဝင်ရောက်ခဲ့ခြင်း မရှိပေ။

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေမှူး ဦးမြင့်လွင်က “ဒီနှစ်နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်လာဖို့ ရှိတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မွန်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၇ အောက်တိုဘာလကုန်အထိ ၂၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် ကျပ်သန်းပေါင်း ၇၇၀,၁၂၅ ကျော် ရှိပြီး လုပ်ငန်း အရေအတွက် ၂၇ ခု ကို လုပ်ကိုင်လျက်ရှိကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

Written by ဇော်ထိုက်

Leave a Reply