မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေသူများအဆင်ပြေလာစေရေးအတွက် စာစစ်ဌာနနှစ်ခုထပ်မံတိုးချဲ့ပေးရန် ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနထံတောင်းဆိုထားကြောင်းဒုတိယညွန်ကြားရေးမှူး ဦးစိန်မောင်ညွန့်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

dsc_0667-copy

“ထပ်တိုးတောင်းဆိုရတာကအဲဒေသခံကလေးတွေ စာဖြေရတဲ့ နေရာမှာစာစစ်ဌာနမရှိတော့ တခြားကျောင်းတွေမှာသွားဖြေဆိုရတယ်၊ ဖြေဆိုတဲ့ နေရာမှာအခက်အခဲတွေ ရှိနေတယ်”ဟု ၎င်းက ပြောဆိုသည်။

ထပ်မံတိုးချဲ့ပေးရန် တောင်းဆိုထားသည့် စာစစ်ဌာနများတွင် ဘီးလင်းမြို့နယ် ကင်းရွာအထက်တန်းကျောင်းခွဲနှင့် ကျိုက်မရောမြို့နယ် တရနာကျေးရွာအထက်တန်းကျောင်းခွဲတို့၌ ထားရှိပေးရန် ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

စာစစ်ဌာများထပ်တိုးချဲ့နိုင်ပါကစာမေးပွဲဖြေဆိုမည့် ကျောင်းသားများအနေဖြင့် သွားလာရေးတွင် အချိန်ကုန် သက်သာလာမည်ဖြစ်ပြီး၊ မိဘများအနေဖြင့် ခရီးစရိတ်များလည်းသက်သာလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်၌ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရန် စာစစ်ဌာနပေါင်း ၄၈ ခုကိုထားရှိခဲ့ပြီး၊ ဖြေဆိုသူ ၂၀၇၂၈ ဦးအထိရှိခဲ့ကြောင်းမွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းအပြင် ၂၀၁၅ ခုနှစ်ကတက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူ ၁၈၀ဝ၀ ကျော်ရှိရာစာစစ်ဌာနပေါင်း ၄၅ ခုကိုသာထားရှိခဲ့ကြောင်းဦးစိန်ညွန့်မောင်ကပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်းကျောင်းအပါအဝင် စာစစ်ဌာနအသစ် ၁၃၆ ခုကိုတိုးချဲ့ဖွင့်ပေးရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်သည် ၂၀ဝ၉-၂၀၁၄ ခုနှစ်အထိခြောက်နှစ်ဆက်တိုက် တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်ခွင့် အောင်ချက် ပထမဆုရှိခဲ့သည်။

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် စာစစ်ဌာနအပါအဝင် နိုင်ငံခြားစာစစ်ဌာနပေါင်း ၁၄၇၀ခုကိုထားရှိခဲ့ပြီး၊ ကျောင်းတက်ဖြေဆိုသူ ၄၀၆၇၀၇ ဦး၊ ပြင်ပဖြေဆိုသူ ၂၆၄၇၂၄ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနစာရင်းအရသိရသည်။

written by – ဇော်ထိုက်

Leave a Reply