Advertisements

မော်လမြိုင်၊ မတ် ၈

မွန်ပြည်နယ်တွင် ၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၇ ရက်တွင် စတင်ဖြေဆိုရာ မွန်ပြည်နယ် တွင် ထိုနေ့ ၌ ပျက်ကွက်သူပေါင်း တစ်ထောင်ကျော်ရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဖြေဆိုရန် စာရင်းပေးသူ ၂၇၆၅၇ ဦးရှိသည့်အနက် ၂၅၉၁၈ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပထမနေ့တွင် ပျက်ကွက်သူ ၁၇၃၉ ဦးရှိခဲ့သည်။

‘‘ပျက်ကွက်တဲ့ လူတွေကတော့ မများဘူးပေါ့။ တစ်ရက်ပဲရှိသေးတာကို။ အခုလောက်က မဆိုးဘူးပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ဖြေဆိုတဲ့ ကျောင်းသူကျောင်းသားနှစ်သောင်းကျော်လောက်ရှိတယ်။ မော်လမြိုင်မှာ အများဆုံးပဲ၊ ပျက်ကွက်တယ်’’ဟု အဆိုပါ ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်သူမှာ မော်လမြိုင်မြို့နယ်တွင် ၃၉၈ ဦး၊ ကျိုက်ထို မြို့နယ်တွင် ၂၂၅ ဦး၊ သထုံမြို့နယ်၂၂၃ ဦး၊ ရေးမြို့နယ် ၂၀၀ ဦး၊ ဘီးလင်းမြို့နယ် ၁၆၂ ဦး၊ ပေါင်မြို့နယ် ၁၅၉ ဦး၊ သံဖြူဇရပ်မြို့နယ် ၁၁၆ ဦး၊ ကျိုက်မရောမြို့နယ် ၉၅ ဦး၊ မုဒုံမြို့နယ် ၉၄ ဦးနှင့် ချောင်းဆုံမြို့နယ် ၆၇ ဦးတို့ ဖြစ်ကြောင်း အထက်ပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖြေဆိုခဲ့သူအများစုမှာ မြန်မာစာဘာသာရပ်ကို လွယ်ကူစွာ ဖြေဆိုနိုင်ပြီး ယမန်နှစ် ၂၀၁၇ တက္ကသိုလ်ဝင် တန်းစာမေးပွဲ မြန်မာစာမေးခွန်းထက် ပိုမိုလွယ်ကူကြောင်း မြန်မာစာ ဆရာ၊ဆရာမများက သုံးသပ်သည်။

‘‘မြန်မာစာ တစ်ဘာသာတော့ ပြီးသွားပြီ၊ စိတ်အေးသွာတယ်။ နောက်လာမယ့် ဘာသာတွေကို သမီးကတော့ စိတ်ပူနေတယ်။ နောက်ဘာသာရပ်တွေ မေးခွန်းတွေ ခက်မှာ စိုးရိမ်နေတယ်” ဟု အထက ၁ ၊ သံဖြူဇရပ်မှ အထက်တန်းကျောင်းသူ မသဇင်ထွေးက ဆိုသည်။

၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်တွင် အင်္ဂလိပ်စာ၊ ၉ ရက်တွင် သချာၤ၊ ၁၂ ရက်တွင် ဓာတု ဗေဒနှင့်စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်တွင် ရူပဗေဒ၊ ၁၄ ရက်တွင် ဇီဝဗေဒနှင့် ဘောဂ ဗေဒ၊ ၁၅ ရက်တွင် ပထဝီဝင်၊ ၁၆ ရက်တွင် သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆိုရမည်ဖြစ်သည်။

မွန်ပြည်နယ်သည် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၄၁ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦးနှင့် ငါးဘာသာ ဂုဏ်ထူးရှင် ၅၄ ဦး ထွက်ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ဖြေဆိုရန် စာရင်းပေးသူ ၈၄၄,၃၅၈ ဦးရှိသည့်အနက် ၇၈၈,၈၆၃ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ငါးသောင်းကျော်ရှိသည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။

written by ခင်နန်းဌေး

Advertisements
<

Leave a Reply