Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် တစ်နှစ်ခွဲ ကာလအတွင်း မူးယစ်ဆေးအမှုနှင့် ဆက်စပ်အမှုပေါင်း ၇၆၀ ကျော်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောကြားသည်။

၂၀၁၈ခုနှစ် တစ်နှစ်တာအတွင်းတွင် မူးယစ်ဆေးဝါးအမှု ၄၃၄မှု နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ အထိ ၃၂၇ မှု ဖမ်းဆီးရမိထားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောကြားသည်။

Advertisements
data-language="en"

အောက်တိုဘာလ ၁ရက်နေ့က မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရာမညဇာနည်ခန်းမတွင် ကျင်းပသော ၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မူးယစ်ဆေးဝါးမှုခင်းများပေါ်တွင် ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေး ဆောင်ရွက်မှုတည်းမဟုတ်တော့ဘဲ တခြားကဏ္ဍများပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဒေါက်တာအေးဇံက ထည့်သွင်းပြောကြား ခဲ့သည်။

“ရဲတပ်ဖွဲ့နှင့်အတူ တရားစီရင်ရေး ကဏ္ဍအပါအဝင် ပညာရေး ကျန်းမာရေး အိုးအိမ်နေရာချထားရေးနှင့် အလုပ်အကိုင်ရှာဖွေရေးကဏ္ဍများ မီဒီယာနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ လူထုလူတန်းစား အသီးသီးကလည်း ကဏ္ဍပေါင်းစုံက ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေကြောင်း တိုက်တွန်း” ဟု ဒေါက်တာအေးဇံက ဆိုသည်။

မူးယစ်ဆေးဝါးဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့များအနေဖြင့် နည်းပညာအထောက်အပံ့မှု ပစ္စည်းများဖြင့် ဖမ်းဆီးနိင်မည်ဆိုပါက အဆင်ပြေနိုင်မည်ဟု မေတ္တာဆုံဆည်းအရပ်ဘက်အဖွဲ့အစည်း မော်လမြိုင်ခရိုင်တာဝန်ခံ ဦးသက်ထွန်းက အကြံပြုပြောဆိုသည်။

“မူးယစ်ဆေးဝါးက လျော့ချလာတာမရှိဘူး ဖမ်းလိုက်ပြီး မပြတ်မကင်းရှင်းသေးဘူးပေါ့ လျော့ပါးတာကလည်းအနည်းအကျဉ်းပဲတွေ့မြင်သေးတယ် ဖမ်းဆီးမှုကပဲ ထပ်တလဲလဲများလာတာပေါ့ ဖမ်းဆီးမှုကြီးမဟုတ်ဘဲ ပြန်လည်ထူထောင်ရေးလုပ်ငန်း လျော့ချရေးလုပ်ငန်းတို့ကို တပြိုင်တည်းလုပ်မယ်ဆိုရင် ပိုအဆင်ပြေပါမယ်” ဟု ဦးသက်ထွန်းကဆိုသည်။

မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုနှင့်ပင်မလုံလောက်ဘဲ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများလိုအပ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“အုပ်ထိန်းသူက တိုင်ကြားလာရင် ရွာသာကြီးမှာ ဆေးဖြတ်ပေးတယ် ဒီအခြေအနေကို ပြည်သူက ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုတယ် မိသားစုမှ ပူးပေါင်းပါဝင်မှ အဆင်ပြေမယ် ကျောင်းမှာဆိုလည်းဆရာမတွေရှိမယ် ရပ်ကွက်မှာဆိုလည်း ပြည်သူတွေ ရှိမယ် သတင်းပေးတိုင်ကြား ဖို့လိုပါတယ် သတင်းပေးတဲ့သူကို လျိုဝှက်ထားပေးပါတယ် ” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ မွန်ပြည်နယ်တရားလွှတ်တော်ချုပ်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမိသားစုများက တက်ရောက်ခဲ့သည်။

ရန်လင်းအောင်

Leave a Reply