မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်အတွင်းရှိသံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ကျေးရွာနှင့် ကျိုက်မရောမြို့နယ်၊ မင်းရွာကျေးရွာတို့တွင် တိုက်ခန်းပေါင်း၄၆၇၂ခန်းပါဝင်မည့် တန်ဖိုးသင့်အိမ်ရာများတည်ဆောက်သွားရန်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်ကပြောကြားသည်။

logo-copy

တန်ဖိုးသင့်အိမ်ရာစီမံကိန်းများလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတရုံးထံတင်ပြထားပြီးခွင့်ပြုချက်ကျလာလျှင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖောင်စိန်ကျေးရွာတွင် တည်ဆောက်မည့် ရှစ်ခန်းတွဲငါးထပ်အိမ်ရာနှစ်ခုတွင် အခန်းပေါင်း ၁၉၂၀ ခန်းနှင့် လေးခန်းတွဲလေးထပ်အိမ်ရာတစ်ခုတွင် အခန်းပေါင်း ၃၂၀ ခန်းတို့ ပါဝင်မှာဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

ထို့အပြင် မင်းရွာကျေးရွာတွင်တည်ဆောက်မည့် ရှစ်ခန်းတွဲငါးထပ်အိမ်ရာနှစ်ခုတွင် အခန်းပေါင်း၁၉၂၀ ခန်းနှင့် လေးခန်းတွဲလေးထပ်အိမ်ရာတစ်ခုတွင် အခန်းပေါင်း ၅၁၂ ခန်းပါဝင်မည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

“အစိုးရအဖွဲ့ကလက်ခံပြီးမှ ဆောက်လုပ်ရေးကုမ္ပဏီတွေကိုတင်ဒါခေါ်ပြီးဈေးနှုန်းညှိမယ်၊ တစ်ခန်းကိုသိန်းတစ်ရာအောက် ဖြစ်အောင်တော့ ပြောကြည့်ရမှာပေါ့”ဟု မွန်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာမင်းကြည်ဝင်းကပြောဆိုသည်။

တန်ဖိုးသင့်အိမ်ရာစီမံကိန်းဖော်ဆောင်ရန် မွန်ပြည်နယ် ဆောက်လုပ်ရေးဦးစီးဌာနကအဆိုပြုပုံစံတစ်ရပ်ကို မွန်ပြည်နယ်အစိုးရထံသို့လာရောက်တင်ပြခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

ဝင်ငွေနည်းပါးသည့် ပြည်သူများအတွက် လူနေမှုဘဝ မြင့်မားလာစေရန်ရည်ရွယ်၍အငှားအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများစီမံကိန်းဖော်ဆောင်ရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်းအဆိုပြုလွှာတွင်ဖော်ပြထားသည်။
“ဒီစီမံကိန်းအတွက် စာချုပ်တွေဘာမှမလုပ်ရသေးဘူး၊ လွှတ်တော်ကိုတင်ရဦးမယ်၊လွှတ်တော်အပိုင်းကအတည်ပြုပြီးလို့ရှိရင်တော့ အစိုးရအဖွဲ့ကဆက်လုပ်လို့ရပြီပေါ့”ဟုဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က ပြည်သူများအဆင်ပြေရေးအတွက်တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ရန် စီမံကိန်းများရေးဆွဲနေပြီးစရိတ်နည်းသည့် တိုက်ခန်းများဖြစ်စေရန် ဆောင်ရွက်နေကြောင်းဒေါက်တာမင်းကြည်ဝင်းကပြောသည်
ထို့ပြင် လူနေဇုန်များ၊စီးပွားရေးဇုန်၊ မူလတန်းကျောင်း၊ လုပ်ငန်းစီမံခန့်ခွဲမှုရုံး၊ ကားပါကင်များနှင့် ဘကိစုံသုံးမြေများလည်းပါဝင်မည်ဖြစ်ကာလူဦးရေတစ်သောင်းခန့်လက်ခံနိုင်မည်ဖြစ်ကြောင်းအဆိုပြုပုံစံတွင်ဖော်ပြထားသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ရာတွင်လုပ်ငန်းဌာနများနှင့်နီးသည့် နေရာများတွင်သာဆောက်လုပ်စေလိုကြောင်းမော်လမြိုင်မြို့နယ် ရွှေတောင်ရပ်ကွက်နေဦးခင်လှကပြောသည်။

Written by – ဖိုးဝ၊ အဂ္ဂနန်

Leave a Reply