၂၀၁၆-၁၇ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ တိုင်းရင်းသား ဘာသာစာပေ သင်ကြားပေးသော ကျောင်းပေါင်း ၅၃၀ ကျော်အထိ ရှိကြောင်း အခြေခံပညာ ဦးစီးဌာန၊ မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

logo-copy

တိုင်းရင်းသား ဘာသာစာပေကို ကျောင်းပေါင်း ၅၃၅ ကျောင်းတွင် သူငယ်တန်းမှ ဒုတိယတန်းအထိ သင်ကြားပေးလျက်ရှိပြီး မွန်ဘာသာစကားသာမက ၊ စကောကရင်၊အရှေ့ပိုးကရင် နှင့် ပအိုဝ်း ဘာသာ စကားများကို သင်ကြားပေးလျက်ရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းအချက်အလက်များအရ သိရသည်။

ထို့ပြင် မွန်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစာပေကို တစ်ပြည်နယ်လုံးအတိုင်းအတာတွင် ဆရာ၊ဆရာမ ၁၁၀၇ ဦးဖြင့် သင်ကြာပေးနေခြင်းဖြစ်ပြီး မော်လမြိုင်မြို့နယ်တွင်သာ တိုင်းရင်းသားဘာသာစကား သင်ကြားပေးသည့် ကျောင်းမရှိသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင်က ပြောကြားသည်။

“ဆရာတို့ အနေနဲ့ရော၊ လွှတ်တော်ကရော၊ ဒေသခံတွေကရော၊ စာပေယဉ်ကျေးမှုအဖွဲ့တွေရော၊ တိုင်းရင်သားစာပေကို တစ်ပြည်နယ်လုံးမှာရှိတဲ့ စာသင်ကျောင်းတွေမှာ သင်နိုင်ဖို့အတွက် တွန်းအားပေးနေကြတာပဲ”ဟု ၎င်းကဆိုသည်။

အမှန်တကယ် သင်ကြားပေးနိုင်သည့် ဆရာ၊ ဆရာမများ နည်းပါးနေသေးသောကြောင့် တိုင်းရင်းသားစာပေကို တစ်ပြည်နယ်လုံးတွင် မသင်ကြားနိုင်ခြင်းဖြစ်ကြေင်း မွန်ပြည်နယ် ပညာရေးမှူးက ဆိုသည်။

မွန်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစာပေကို သင်ကြားရာတွင် မွန်စာပေကို မြို့နယ်ခြောက်ခုတွင် သင်ကြားနေပြီး ကရင်ဘာသာ စာပေကို မြို့နယ်ရှစ်ခုနှင့် ပအိုဝ်းဘာသာကိုမူ သထုံခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် သင်ကြားနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

မွန်ဘာသာကို ဇူလိုင်လ ကုန်ခန့်အထိ ကျောင်းပေါင်း ၂၅၅ ကျောင်း၊ စကောကရင်ကို ကျောင်းပေါင်း ၁၈၉ ကျောင်း၊ အရှေ့ပိုးကရင်ကို ကျောင်းပေါင်း ၅၇ ကျောင်းနှင့် ပအိုဝ်းဘာသာကို ကျောင်းပေါင်း ၃၄ ကျောင်းတွင် သင်ကြားနေကြောင်း ယင်းပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တိုင်းရင်းသား စာပေများကို ကျောင်းချိန်ပြင်ပတွင် တစ်ရက်လျှင် တစ်နာရီခန့် သင်ကြားရပြီး ယင်းစာပေများကို သင်းကြားပေးသော ဆရာ၊ ဆရာမများကိုလည်း တစ်ဦးလျှင် သုံးသောင်းကျပ်ဖြင့် လစဉ်ထောက်ပံ့ကြေးပေးနေကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင်က ထပ်လောင်းပြောဆိုသည်။

၂၀၁၆-၁၇ ပညာရေးနှစ်တွင် မွန်ပြည်နယ်၌ အခြေခံပညာ ကျောင်းပေါင်း ၁၄၄၈ ကျောင်းရှိသည်။

Leave a Reply