Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခနှင့် ချိုးဖောက်မှုများ မရှိတော့ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S(Mon)မှ ဒုတိယဥက္ကဋ္ဌ အရပ်သားကိုယ်စားလှယ် ဒေါ်နော်ဆာထူးက ပြောသည်။

မွန်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဖွဲ့ဝင်များတွင် အစိုးရအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန် အရေးအကြီးဆုံး တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ပြည်သူလူထုအပေါ် ချိုးဖောက်မှုနှင့် ကျူးလွန်မှုများဖြစ်ပေါ်လာပါက ကာကွယ်ပေးရေးနှင့် နှစ်ဘက်တပ်များအကြား ချိုးဖောက်မှုများရှိခဲ့လျှင် စိစစ်အတည်ပြု၍ တရားမျှတစွာ ရပ်တည်ဆောင်ရွက်ပေးသွားရန် ရည်ရွယ်ထားကြောင်း ဒေါ်နော်ဆာထူးက ဆိုသည်။

မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ၏ ဒုတိအကြိမ် အလုပ်ရုံဆွေးနွေးပွဲ၌ ဒေါ်နော်ဆာထူးက “မွန်ပြည်နယ်ကြီးမှာ ဒီလိုမျိုးပဋိပက္ခမှုတွေ မရှိတော့ပါဘူး။ အခုချိန်ထိ စိစစ်အတည်ပြုရလောက်တဲ့အထိ ဆောင်ရွက်ရတဲ့အထိ ချိုးဖောက်မှုတွေမရှိနေတာကိုလည်း တွေ့နေရတယ်။ ဒါဟာ ကျွန်မအနေနဲ့ မြင်တာက နှစ်ဖက်တပ်ဖွဲ့တွေဟာ တကယ်ပဲ ငြိမ်းချမ်းရေးကို လိုလားနေတယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီကနေ့ NCA လမ်းကြောင်း ဖော်ဆောင်နေတဲ့ JMC လုပ်ငန်းဟာ အရေးကြီးတဲ့ ဒေါက်တိုင်ဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခများ ကြာရှည်ဖြစ်ပေါ်လာပါက ပြည်သူလူထု၏ ယုံကြည်မှုများ အားနည်းလာမည်ဖြစ်ပြီး ယခင်ကဆိုလျှင် အတင်းအဓမ္မခိုင်းစေမှုများရှိခဲ့သော်လည်း ယခုအခါတွင် အလားတူဖြစ်စဉ်မျိုးများကို မတွေ့ရှိရတော့ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်ရွက်နေသော အလုပ်ရုံဆွေးနွေးပွဲများကို ပိုမိုလုပ်ဆောင်သင့်ကြောင်း ဒေါ်နော်ဆာထူးက တိုက်တွန်းပြောဆိုခဲ့သည်။

“လွန်ခဲ့တဲ့နှစ်ကာလတွေထဲမှာဆိုရင် တစ်ကယ်တမ်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေနဲ့ တပ်တွေကြားမှာ ပြဿနာဖြစ်တဲ့အခါမှာ အထူးသဖြင့် ခံစားခဲ့ရတာတွေက အမျိုးသမီး၊ကလေးငယ်တွေက ပိုပြီးများပါတယ်။ တကယ်ငြိမ်းချမ်းရေးကို လိုချင်တာ အမျိုးသမီးတွေ ပိုဖြစ်မယ်လို့ ထင်ပါတယ်။ ထိုနည်းတူစွာပဲ ဒီလိုတိုက်ပွဲတွေဖြစ်ခဲ့တဲ့ အချိန်ကာလတွေမှာဆိုရင် အများအားဖြင့် ဒီထဲမှာပါဝင်ကြတာ အမျိုးသမီးတွေရဲ့ အစ်ကိုတွေ၊ မောင်တွေ၊ ဦးလေးတွေရှိသလို လင်ခင်ပွန်းသည်တွေလည်းရှိပါတယ်။

ဒီလိုပဋိပက္ခမှု တိုက်ပွဲတွေရဲ့ကြားမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေက အထူးသဖြင့် အများဆုံးခံစားရတာတွေရှိပါတယ်”ဟု ဒေါ်နော်ဆာထူးက ပြောသည်။

မွန်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီအနေဖြင့် ယခုဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြည်ထောင်စုအဆင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply