Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း ထပ်မံဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သုံးခုကြောင့် အမေရိကန်ဒေါ်လာ ၅,၇၅၁ ဒသမ ၉၀၈ သန်း အထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောသည်။

ယခု ဘဏ္ဍာရေးနှစ် ဧပြီလမှ သြဂုတ်လကုန်အထိ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သုံးတွင် ကိုးရီးယားနိုင်ငံ Myanmar-Korea Cement Group Co,Ltdက ဘိလပ်မြေလုပ်ငန်းအတွက် ကန်ဒေါ်လာ သန်း၂၀၀၊ စင်ကာပူနိုင်ငံ MOSB Limitedက ရေနံနှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကန်ဒေါ်လာသန်း ၁၁၈ ဒသမ ၅၃၈ ၊ ပြင်သစ်နိုင်ငံ Paradiso Cinemas Company Limitedက ရုပ်ရှင်ရုံများ ဆောက်လုပ်ခြင်းအတွက် ကန်ဒေါ်လာ ၀ ဒသမ ၃၇ သန်းတို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၅,၇၅၁ ဒဿမ ၉၀၈ သန်းမှာ မွန်ပြည်နယ်အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှု စတင်ဝင်ရောက်လာသည့် ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်အထိ လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ၂၇ ခု၏ စာရင်းများသာ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ဒီနှစ်က စပြီး ရင်းနှီးမြှုပ်နှံမှုတွေ တစ်လျှောက် ဝင်လာမှာပါ။ဒါပေမယ့် ကျွန်တော်တို့ ဌာနက ဖြေလျှော့ပေးထားပေးမယ့် တခြားဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် နိုင်ငံခြားသားတွေက လန့်လန့်ပြေးသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားသားတွေ ဒီမှာ မြေအတွက် စောင့်နေတာ ခြောက်လ ကြာတဲ့အထိ မကျသေးလို့ ပြန်ပြေးသွားကြတယ်”ဟု ဦးမင်းသိန်းဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများတွင် စင်ကာပူ၊ မလေးရှား၊ UK ၊ ပြင်သစ်၊ ထိုင်း၊ ဟောင်ကောင်၊ နယ်သာလန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကိုးရီးယား၊ ဂျပန် တို့ဖြစ်ပြီးစင်ကာပူ နိုင်ငံအနေဖြင့် လုပ်ငန်း ငါး ခုအထိ လာရောက်မြှုပ်နှံထားကြောင်း ဖော်ပြပါဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းအပြင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စွမ်းအင်ကဏ္ဍ ၁၉ ခု ၊ စက်မှုနှင့် ထုတ်လုပ်မှု ကဏ္ဍ ၅ ခု ၊ ဝန်ဆောင်မှု ကဏ္ဍ ၃ ခု တို့ပါဝင်နေပြီး ယင်းတို့အနက်လုပ်ငန်း ၁၈ ခုမှာမုတ္တမကမ်းလွန် ဒေသတွင်သာ အများဆုံး လုပ်ကိုင်နေကြကြောင်းသိရသည်။

ပြည်နယ်အတွင်း၌ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများတွင် မလေးရှားနိုင်ငံ PTTEP International Ltd က ကန်ဒေါ်လာသန်း ၂၁၄၆ ၊ UK နိုင်ငံ Andaman Transporation Ltd က ကန်ဒေါ်လာ ၄၉၉ သန်း၊ ပြင်သစ်နိုင်ငံ Total E&P Myanmar က ကန်ဒေါ်လာသန်း ၄၆၅ ၊ UK နိုင်ငံ Moattama Gas Transpotation Co,Ltd က ကန်ဒေါ်လာသန်း ၅၈၀ သန်း၊ ထိုင်းနိုင်ငံ Mawlamyine Cement Limited (MCL) က ကန်ဒေါ်လာ ၄၁၄ သန်းကို မြှုပ်နှံထားကြောင်း ယင်းဌာနစာရင်းများ၌ဖော်ပြပါရှိသည်။

မွန်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၇ သြဂုတ်လကုန်အထိ ၂၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် ကျပ်သန်းပေါင်း ၇၆၁,၃၃၉ ကျော် ရှိပြီး လုပ်ငန်း အရေအတွက် ၂၆ ခု ကို လုပ်ကိုင်လျက်ရှိကြောင်း ထပ်မံသိရှိရသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply