Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

ပရဟိတအသင်းပိုင် ပထမဦးဆုံး အောက်ဆီဂျင်စက်ရုံကို မွန်ပြည်နယ်၊ သထုံမြို့၊ ယခင်လေယာဉ်ကွင်းဟောင်းအနီး၌ အနှိုင်းမဲ့မေတ္တာသွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းက ယခုလ ၁၈ ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း အဆိုပါလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းကဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ဒီစက်ရုံက မြန်မာနိုင်ငံမှာ ပရဟိတအသင်းအနေနဲ့ ဖွင့်လှစ်တာ ပထမဦးဆုံးအကြိမ်ပဲ ဖြစ်တယ်ပေါ့။ လက်ရှိမှာ စက်ရုံကထရန်စဖော်မာ တစ်လုံးလိုအပ်နေတယ်။ ဒါပေမဲ့အောက်ဆီဂျင်ကိုတော့ အခမဲ့ပေးသွားမယ်ဟု ၎င်းကဆိုသည်။ ပြည်နှင့်အဝှမ်းလုံးရှိအောက်ဆီဂျင်ကူညီ လှူဒါန်းနေသည့် ပရဟိတကွန်ရက် ၂၁၂ဖွဲ့အနက် ပထမဆုံးသော လူမှုရေးအသင်းပိုင်စက်ရုံအဖြစ် ထူထောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ညအခမဲ့ လှူဒါန်းထောက်ပံ့သွားမည်ဖြစ်ကြောင်းသိ ရသည် ။

ပြည်သူ့ဆေးရုံကြီးနှင့်ဆေးခန်းများမှ အောက်ဆီဂျင်လိုအပ်သူ အရေးပေါ်လူနာများအဖို့ ယခင်က အခက်အခဲများစွာ ကြုံနေရသည့်အတွက်လွယ်ကူချောမွေ့ အဆင်ပြေရေးကို ဦးတည်၍ စက်ရုံကိုတည်ဆောက်လိုက်ခြင်းဖြစ်ကြောင်း ဦးဉာဏ်ထွန်းက ပြောသည်။

ထိုစက်ရုံကို ၂၀၁၇ မေလမှစတင်တည်ဆောက်ခဲ့ပြီး မြို့မိမြို့ဖနှင့် စေတနာရှင်အများ မတည်ထည့်ဝင်လှူဒါန်းသည့်ရန်ပုံငွေဖြင့် ကျပ်သိန်း ၁,၇၆၀ခန့် အကုန်အကျခံတည်ဆောက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

စက်ရုံဖွင့် လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေသခံလူနာစောင့်တစ်ဦးက“တောက လူတွေက အောက်ဆီဂျင်လိုမယ်ဆိုရင် ဘယ်မှာရှာရမှန်းတောင်မသိဘူး။ ပိုက်ဆံမရှိရင်ဘယ်လို လုပ်ကြမလဲ၊ တော်တော်ဒုက္ခရောက်တယ်။ အခုလိုမျိုး စက်ရုံပါလုပ်လိုက်တော့ ကျွန်မတို့အရေးပေါ်လူနာတွေအတွက်အဆင်ပြေတယ်”ဟု မှတ်ချက်ပြုသည်။

ယင်းစက်ရုံမှ အောက်ဆီဂျင်အိုးများကို သထုံခရိုင်ရှိဆေးရုံကြီးများ ၊ တိုက်နယ်ဆေးရုံများတွင် လိုအပ်လျှင်အဆင်ပြေစွာအသုံးပြုနိုင်ရေးအတွက် နယ်မြေခံပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီးပို့ဆောင်ကူညီသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ထပ်လောင်းပြောပြသည်။

အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းကို ၂၀၁၅ အောက်တိုဘာလက စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခု ၂၀၁၈ ဖေဖော်ဝါရီလလယ်အထိ သွေးပုလင်း၇၇၀၀ ပုလင်း၊ ၁၀ လီတာဆံ့အောက်ဆီဂျင် ၁၅၀၀၀ အိုး၊ ၄၀ လီတာဆံ့ ၈၀၀ အိုးကျော် အရေးပေါ်လူနာများထံ အခမဲ့ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်သည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply