မော်လမြိုင် ၊ ဇူလိုင်

မွန်ပြည်နယ် စိတ်ကျန်းမာရေးဆေးရုံနှင့် မူးယစ်ဆေးစွဲကုသဌာနတွင် မူးယစ်ဆေးဖြတ်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးစိတ်ကျန်းမာရေးနှင့်မူးယစ်ဆေးစွဲကုသဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာဝင်းကျော်
သူက ပြောကြားသည်။

အဆိုပါ ဆေးဖြတ်သူများထဲမှ လူ၁၀၀ တွင် ၈၅ ယောက်မှာ အသက် ၁၅ နှင့် ၃၄ နှစ်ကြားရှိနေကြောင်းဒေါက်တာဝင်းကျော်သူကဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံသူများ စာရင်းအရ အသက် ၁၅ နှစ်က ၂၄ နှစ်ထိ ၃၄ ရာခိုင်နှုန်းထိရှိပြီး အသက် ၂၅  နှစ်မှ ၃၄ နှစ်ကြား ၄၂ ရာခိုင်နှုန်းကြားရှိကြောင်း ၎င်းက ပြောကြားသည်။

“ အလယ်တန်းအထက်တန်းတက္ကသိုလ်ကျောင်းသားတွေပါတယ် တချို့ဆိုရင် ၆တန်း ၅တန်းလောက်အထိကျောင်းတက်နေရင်းနဲ့ သုံးတာတွေ့ရတယ်  ” ဟု ၎င်းကပြောသည်။

မူးယစ်ဆေးဝါးပြဿနာ သည် ယခုလက်ရှိကာလတွင် ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် ပြဿနာ တစ်ရပ် ဖြစ်လာပြီး ကျရာနေရာက အကူအညီပေးသင်သည့် ကိစ္စရပ်လည်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ပြဿနာက လူအားလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်နေပြီ မိသားစုနဲ့ပတ်သက်ပြီး မူးယစ်ဆေးနဲ့ ကင်းတဲ့သူက ဒီဘက်ခေတ်မှာ နညး်နညး်ရှားသွားပြီလူအားလုံးက  ကျရာကျရာ တာဝန်တွေကို လုပ်ဖို့လိုတယ် ဌာနဆိုင်ရာရပ်မိရပ်ဖပူးပေါင်းပြီး မူးယစ်
ဆေးကာကွယ်ရေးနှိမ်နင်းရေးကို ညီညီညွတ်ညွတ်ဖြင့်လုပ်ဖို့လိုတယ် ” ဟု ဒေါက်တာဝင်းကျော်သူက ဆိုသည်။

လက်ရှိတွင်မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဆေးရုံဆေးခန်းရောက်ရှိသူမှာ ၁၀ ရာခိုင်နှုန်းသာရှိနေကြောင်း ၎င်းကဆိုသည်။

ဆေးကုသမှုခံယူသူအတွင်းအပြင်လူနာနှစ်ရပ်ပေါင်း ၂၀၁၆ခုနှစ်တွင် ၁၈ဝဦး၊ ၂၀၁ရခုနှစ်တွင် ၅၇၆ဦး ၂၀၁၈ ခုနှစ်တွင်၁၀၁၄ ဦးနှင့် ၂၀၁၉ ခုနှစ်ဇွန်လအထိ ၄၆၃ဦး ရှိကြောင်း မော်လမြိုင်အထွေထွေရောဂါ ကုဆေးရုံကြီးစိတ်ကျန်းမာရေးနှင့်မူးယစ်ဆေးစွဲကုသဌာနမှ စာရင်းများအရ သိရသည်။

ဆေးကုသမှု ခံယူသူများတွင် မွန်ပြည်နယ်မှ မြို့နယ်များအပြင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ မြို့နယ်များလည်း လာရောက်ကုသမှုရှိနေကြောင်း ဒေါက်တာဝင်းကျော်သူကဆိုသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်မေလအထိ မူးယစ်ဆေးဝါးအမှု၁၁၅၅ မှု ဖမ်းဆီးရမိကြောင်းမွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးစာရင်းများအရ သိရသည်။

ရန်လင်းအောင်

Leave a Reply