မွန်ပြည်နယ်တွင် ယခင်နှစ်ထက် လူသတ်မှုနှုန်း မြင့်တက်

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် ယခင်နှစ်ထက် လူအသတ်ခံမှုနှုန်း မြင့်တက်ခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ပြီးခဲ့သည့်၂၀၁၇ တစ်နှစ်လုံး၌ လူသတ်မှု ၅၄ မှုဖြစ်ပွားခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၀ ရက်နေ့အထိ လူသတ်မှု ၂၈ မှုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယမန်နှစ် ၁၂ လတာအတွင်း ဖြစ်ပွားခဲ့သည့် အရေအတွက်ကို ယခုနှစ် ၅ လတာ အရေအတွက်က တစ်ဝက်ကျော်လွန်လာခဲ့ခြင်း ဖြစ်သည်။

“လူသတ်မှု အဖြစ်အများဆုံးကတော့ ရေးမြို့နယ်ပေါ့၊ အဲဒီမှာ ရွှေ့ပြောင်းရေလုပ်သားတွေ အများဆုံးဖြစ်ပြီး ပင်လယ်ပြင်မှာ အလုပ်လုပ်ရင်း အချင်းချင်းခိုက်ရန်ဖြစ်ရာကနေပြီး လူသတ်မှုအထိ ဖြစ်တာစစ်ဆေးတွေ့ရတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ယခုနှစ် ငါးလတာအတွင်း ကျိုက်ထို၊ မော်လမြိုင်၊ ကျိုက်မရောမြို့နယ်များတွင် ယင်းအမှု ၁ မှုစီဖြစ်ပွားခဲ့သည်။ မုဒုံမြို့နယ်တွင် ၂ မှု၊ ဘီးလင်း ၃ မှု၊ သထုံ ၄ မှု၊ သံဖြူဇရပ် ၅ မှု စသဖြင့် ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ ၁၁ မှုဖြင့် အများဆုံး ဖြစ်ခဲ့သည်။ ပေါင်နှင့် ချောင်းဆုံမြို့နယ်တွင် ယင်းအမှုဖြစ်ပွားခြင်း မရှိခဲ့ချေ။

၂၀၁၇ နှစ်စမှ ယခုနှစ် မေလကုန်အတွင်း လူသတ်မှု ၈၂ မှု ဖြစ်ပွားခဲ့ရာ ယင်းအနက် ၅ မှုကို လက်ရှိအချိန်ထိ ဖော်ထုတ်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရဲမှတ်တမ်းအရ သိရသည်။

Written by ခေတ်မင်း (ပျားအုံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.