Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်အတွင်းမှ လယ်ယာစိုက်ပျိုးသူများအတွက် ယခုနှစ်ဆောင်းသီးနှံချေးငွေအဖြစ် ငွေကျပ်သန်း၄,၈၈၇ဒသမ၇၅သန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။

ချေးငွေများကို အောက်တိုဘာလတွင် စတင်ထုတ်ချေးသွားမည်ဖြစ်ပြီး လာမည့်နှစ် ဇွန်လကုန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အဆိုပါဘဏ်ခွဲမှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောကြားသည်။

“နွေမှာဆိုရင် ပဲအမျိုးမျိုးနဲ့ နှမ်းတို့ပါ ထုတ်ချေးပေးတယ်၊ ဆောင်းသီးနှံချေးငွေက မိုးစပါးနဲ့အတူတူပဲ။ တောင်သူတစ်ဦးကို ၁၀ ဧက ချေးငွေထုတ်ပေးမယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်ဆောင်းသီးနှံ စိုက်ပျိုးမှု နည်းပါးသည့် ရေးမြို့နယ်မှအပ ကျန်ကိုးမြို့နယ်ကို ချေးငွေပေးသွားမည်ဖြစ်ကြောင်း၊ ယခင်က တစ်ဧကလျှင် ၂၀,၀၀၀ ကျပ်သာ ထုတ်ချေးပေးရာမှ ယခုနှစ်တွင် ပဲအမျိုးမျိုးနှင့် နှမ်းအတွက် တစ်ဧကလျှင် ၅၀,၀၀၀ကျပ်ခန့်ထိ တိုးမြှင့်ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီနှစ်ကျတော့ တစ်ဧကကို ကျပ်၅၀,၀၀၀ထောက်ပံံ့ပေးမယ်ဆိုရင် လယ်သမားတွေအတွက် အခက်အခဲတစ်ခု ပြေလည်သွားတာပေါ့၊ ပဲစိုက်ပျိုးသူတွေဆိုရင်လည်း ပဲဈေးကမရတော့ ဒီလိုမျိုးထောက်ပံမှုမျိုးပေးတယ်ဆိုရင် အဆင်ပြေသွားတာပေါ့”ဟု ချောင်းဆုံမြို့နယ်မှ  ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

ယမန်နှစ်က မွန်ပြည်နယ်အတွင်း၌ ဆောင်းသီးနှံချေးငွေ ကျပ်သန်း ၃,၀၀၀ ကျော်ကို ထုတ်ချေးပေးခဲ့ကြောင်း ဖော်ပြပါဘဏ်ခွဲ စာရင်းအရ သိရသည်။

Written by – ခင်နန်းဌေး

 

Advertisements
<

Leave a Reply