မော်လမြိုင်၊ မေ ။        ။ မွန်ပြည်နယ်တွင် ယာဉ်တိုက်မှုများ လျော့ကျလာစေရန် ရည်ရွယ်ပြီး ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် မူဝါဒချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ဒီကိစ္စအတွက် ဘယ်လို စလုပ်ရမလဲဆိုတာရယ်၊ ဘယ်လို ဘက်ဂျက်တွေ သုံးမယ်က အစ ဆွေးနွေးပြီး လုပ်သွားဖို့ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဦးစာပေး ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် နှစ်အလိုက် အကောင်အထည် ဖော်မည့် ကိစ္စများကိုပါ ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကာလတို၊ ကာလရှည် ရည်မှန်းချက်များကို ရေးဆွဲပြီး၊ ပညာပေး လုပ်ငန်းများကို အရပ်အဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်ကျစရိတ်များကို ပြည်နယ် အစိုးရ ဘက်ဂျက်ကို သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း ကျောင်းသင်ရိုးညွှန်းတမ်း စာအုပ်များတွင် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ပညာပေးပုံရိပ်များ ရိုက်နှိပ်ရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းမှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်ခြင်း၊ မေးသိုင်းကြိုးမတပ်ခြင်း၊ အရက်သေစာသောက်စားပြီး သတ်မှတ်အရှိန်ထက် ပိုမောင်းနှင်းခြင်းတို့ကြောင့် ယာဉ်တိုက်မှု ပိုမိုဖြစ်ပွားနေကြောင်း မွန်ပြည်နယ် အမှတ် (၁၂) ယာဉ်ထိန်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ကျော်သူက ပြောဆိုသည်။

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၄၆၈၆ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၃၇၀ ဦးထိ ရှိနေကြောင်း မွန်ပြည်နယ် အမှတ် (၁၂) ယာဉ်ထိန်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply