မွန်ပြည်နယ်တွင် ရော်ဘာဈေးနှုန် ဆက်တိုက် ကျဆင်းလာ

မွန်ပြည်နယ်၏အဓိက စိုက်ပျိုးရေး ထုတ်ကုန် တစ်ခုဖြစ်သည့် ရော်ဘာသည် တရုတ်နိုင်ငံမှ ဝယ်လိုအား ကျဆင်းလာမှုကြောင့် ဈေးနှုန်းဆက်တိုက် ကျဆင်းလာကြောင်း မွန်ပြည်နယ်ရော်ဘာ အဝယ်ဒိုင် လုပ်ငန်းရှင်များက ပြောဆိုသည်။

သင်္ကြန်ကာလမတိုင်ခင်အထိ ရော်ဘာဈေးနှုန်းတစ်ပေါင်လျှင် ၁,၁၀၀ မှ ၁,၃၀၀ ကျပ်အထိ ရှိခဲ့ရာ မေ ၂၅ ရက်တွင် ၈၈၀ အထိ ကျဆင်းလာခဲ့ကြောင်း မော်လမြိုင်မြို့ စိန်ပွင့်ရော်ဘာအဝယ်ဒိုင်မှ ဦးတင်မောင်ချိုက ပြောသည်။

 “ဒီမေလမှာပဲ ရော်ဘာဈေး ၉၀၀ လောက် ထပ်တက်ပြီးတော့ အခုဈေးပြန်ကျသွားတယ်၊ ဈေးအပြောင်းအလဲ နည်းနည်းမြန်တယ်၊ ဈေးကွက်ကလည် မတည်ငြိမ်ဘူး”ဟု ယင်းက ပြောသည်။

 မြန်မာနိုင်ငံမှ  ရော်ဘာများသည် တရုတ်နိုင်ငံဈေးကွက်တည်းကိုသာ အဓိက တင်ပို့ရောင်းချနေရပြီး ထုတ်လုပ်မှု အရည်အသွေးမပြည့်မီခြင်းကြောင့် ဈေးနှိမ်ခံရမှုနှင့် ရင်ဆိုင်နေရကြောင်း ရော်ဘာလုပ်ငန်းရှင်များက ပြောသည်။

ရော်ဘာကို တရုတ်နိုင်ငံ တစ်ခုတည်းက ဝယ်နေခြင်းကြောင့် ဈေးကွက် မတည်မှုများ ရှိနေသည့်အတွက် အခြားနိုင်ငံများက ဝယ်ယူရေးကို အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသင့်ကြောင်း ဦးတင်မောင်ချိုက အကြံပြုပြောဆိုသည်။

ရော်ဘာဈေးနှုန်းသည် ယခုထက် ပိုပြီး ဆက်တိုက် ကျဆင်းလာပါက ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် တွက်ခြေမကိုက်သည့် အနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း ရော်ဘာခြံပိုင်ရှင် ဦးစိုးတင့်က သုံးသပ်ပြောသည်။

“ကျွန်တော်တို့က ဒီစီးပွားရေးပဲ အဓိကလုပ်နေဆိုတာတော့ ဒီထက်ကျသွားရင်တော့ ထုတ်လုပ်သူအနေနဲ့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး” ဟု ယင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် ရော်ဘာများအားလုံးထဲတွင် သထုံမြို့နယ်မှ ထွက်သောရော်ဘာက  အရည်အသွေး အကောင်းဆုံး ဖြစ်ကြောင်းသိရသည်။

Written by – အဂ္ဂနန်

1 comment:

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.