မော်လမြိုင် ဒီဇင်ဘာ ၁၇

ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်အရပ်ရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲ အာမခံကြေး ဆုံးရှုံးသည့် ကိုယ်စားလှယ်လောင်း ၁၄၀ ကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်ထံမှ သိရသည်။

“သတ်မှတ်ထားတဲ့ ထောက်ခံမဲ ရလဒ် မရခဲ့သူ ကိုယ်စားလှယ်လောင်း မွန်ပြည်နယ်မှာ ၁၄၀ ကျော် ရှိတယ်”ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

ထောက်ခံမဲရလဒ်မှာ သတ်မှတ်ထားသည့်အတိုင်း ခိုင်လုံမဲ၏ ရှစ်ပုံတစ်ပုံ၊ ရာခိုင်နှုန်းအရ ၁၂ ဒသမ ၅ ရာခိုင်နှုန်း မရရှိခဲ့သဖြင့် အာမခံငွေ ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ကျပ်သုံးသိန်းကို ကော်မရှင်ထံ ပေးသွင်းထားရပြီး သတ်မှတ် မဲရလဒ် ပြည့်မီမှသာ ယင်းငွေကို ပြန်လည် ထုတ်ယူခွင့် ရှိကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ သတ်မှတ်ရာခိုင်နှုန်း မပြည့်မီပါက ယင်းငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်သည်။

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ပြိုင်ရန် ကနဦးက ရှိခဲ့သည်။ သို့သော်လည်း နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ- UDP မှ ကိုယ်စားလှယ်လောင်း ၄၅ ဦးကို ဝင်ရောက်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရွေးကော်က ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းတွင် ဥပဒေအရ ရုတ်သိမ်းလိုက်သည်။ သို့ဖြစ်ရာ ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ပြိုင်သည့်အနက် ၁၄၀ ကျော်မှာ ခိုင်လုံမဲ၏ ၈ ပုံ ၁ ပုံ မရခဲ့ကြပေ။

ခိုင်လုံမဲ ရာခိုင်နှုန်း ၅၆ % ရရှိသဖြင့် ရွေးကောက်ပွဲ အာမခံကြေး ပြန်လည် ထုတ်ယူပိုင်ခွင့်ရှိသူ၊မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ရွေးကောက်ခံရသည့် သံဖြူဇရပ်မဲဆန္ဒနယ် ၂ မှ နိုင်လယိတမက အာမခံကြေးကိစ္စ သက်ဆိုင်ရာကော်မရှင်အနေဖြင့် ဆက်သွယ်လာခြင်းမျိုး မရှိသေးကြောင်း ဒီဇင်ဘာ ၁၇ မွန်းလွဲပိုင်းတွင် ဟင်္သာကို ပြောသည်။

ခိုင်လုံမဲ ရာခိုင်နှုန်း သုည ဒသမ ၇၆ သာ ရရှိသဖြင့် ရွေးကောက်ပွဲ အာမခံကြေး ဆုံးရှုံးမည့် သထုံမြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ပြိုင်ခဲ့သူ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း ဦးရန်နိုင်စိုးက “နိုင်ငံ့ဘဏ္ဍာထဲ ဝင်သွားတာမို့ ပြန် ရရ မရရ ကျေနပ်ပြီးသားပါ။ ကိုယ်က လုပ်ငန်းရှင်တစ်ယောက်လည်း မဟုတ်ခဲ့တော့ အရင်ကလည်း နိုင်ငံတော် အခွန် ပုံမှန် ဆောင်သူထဲ ကိုယ် မပါခဲ့တော့ ခုဆို ဘဏ္ဍာငွေ ပေးသွင်းခွင့် ရတာပေါ့”ဟု မှတ်ချက်ပေးသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်များ၌ ပါတီပေါင်း ၈၇ ပါတီနှင့် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၆၉၀၀ ကျော် ဝင်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ်များကို လေ့လာသုံးသပ်ချက်အရ အများစုမှာ သတ်မှတ် မဲရလဒ် မပြည့်မီကြောင်း တွေ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် သိန်းပေါင်း သောင်းနှင့်ချီ ရရှိမည့် အနေအထား ဖြစ်သည်။

ဟင်္သာမီဒီယာ

#Election
#Newss
#Hinthar

Leave a Reply