မော်လမြိုင် ဒီဇင်ဘာ ၁၈

မွန်ပြည်နယ် မဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ပါတီ ၁၆ ခု ရှိခဲ့ရာ သတ်မှတ် မဲရလဒ် မပြည့်မီသဖြင့် ရွေးကောက်ပွဲဝင် အာမခံကြေး အားလုံး ဆုံးရှုံးမည့် ပါတီ ၁၃ ခု ရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် စာရင်းများအရ သိရသည်။

လက်ရှိ အာဏာရပါတီလည်း ဖြစ်သလို ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအပ အာမခံကြေး တင်းပြည့်ကျပ်ပြည့် ပြန်လည်ထုတ်ယူခွင့် ရသည်ထိ မဲရလဒ်ပြည့်မီသည့် ပါတီမှာ တစ်ခုမျှ မရှိသည့် အနေအထားဖြစ်သည်။

ရွေးကောက်ပွဲ မဲရလဒ်မှာ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့် အထက် မရရှိသူ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း၊ရွေးကောက်တင်မြှောက် မခံရသော်ငြား ခိုင်လုံမဲ ရှစ်ပုံတစ်ပုံရရှိပါက ပုံစံ (၆-ဃ)ဖြင့် ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဥပဒေ အခန်း ၉ တွင် ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေနှင့်ပတ်သက်၍ ဖော်ပြထားသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က “တကယ်တမ်း စာရင်းချုပ်မယ်ဆိုလို့ရှိရင် အားလုံးပေါင်းက လွှတ်တော်ကိုယ်စားလှယ်က ၄၅ နေရာအတွက် အနိုင်ရသူ ၄၅ ဦး၊ ခိုင်လုံမဲ ၈ ပုံ ၁ ပုံ ရသူက လွှတ်တော်အားလုံးအတွက် ၆၃ ဦး၊ ပေါင်း ၁၀၈ ဦးကတော့ အာမခံကြေး ပြန်ရမှာပေါ့။ ၁၄၉ ဦးကတော့ ဆုံးရှုံးမှာပေါ့”ဟု ဒီဇင်ဘာ ၁၈ မွန်းလွဲပိုင်းတွင် ပြောသည်။

ရွေးကောက်ပွဲတွင် မွန်ပြည်နယ် မဲဆန္ဒနယ် ၄၅ နေရာအတွက် ပါတီ ၁၆ ခုက ကိုယ်စားလှယ်လောင်း ၂၄၆ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၁ ဦး၊ ပေါင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်မပါ ၃၁ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။

မွန်ပြည်နယ်က အမတ်လောင်း ဝင်ပြိုင်သူ ဦးရေ ၁၅၀ ခန့် ရွေးကောက်ပွဲဝင် အာမခံကြေး ဆုံးရှုံးမည်ဖြစ်ရာ တစ်ဦးလျှင် ကျပ် ၃ သိန်းစီဖြင့် နိုင်ငံ့ဘဏ္ဍာအတွက် ကျပ် ၄၅ သန်းဝန်းကျင် ရမည့် အခြေအနေဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာသုံးသပ်သူတို့က တွက်ချက်ပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံဖြိုးရေးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှာ နေရာပြည့် ၄၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ ရွေးကောက်တင်မြှောက်မခံခဲ့ရဘဲ မဲရလဒ် အပြတ်အသတ်ကွာဟ ရှုံးနိမ့်ခဲ့သည်။

ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်လောင်း ၃၆ ဦးမှာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်လည်ထုတ်ယူခွင့်ရမည် ဖြစ်သော်လည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကမူ ဝင်ကြေးငွေအားလုံး ဆုံးရှုံးမည့် အနေအထား ကြုံခဲ့ရသည်။

ရွေးကောက်ခံကိုယ်စားလှယ် ၁၁ နေရာထိ အနိုင်ရရှိခဲ့သည့် မွန်ညီညွတ်ရေးပါတီသည်ပင်လျှင် ကိုယ်စားလှယ်လောင်း ၃၅ ဦးအနက် ၂၄ ဦးသာ အာမခံကြေး ပြန်ရမည်ဖြစ်ပြီး ၁၁ ဦးမှာ ဆုံးရှုံးခဲ့သည်။

အလားတူ နေရာပြည့် ဝင်မပြိုင်သော်လည်း ကိုယ်စားလှယ်လောင်း ၂၂ ဦးစီဖြင့် ဦးရေ အများဆုံး ဝင်ပြိုင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့သည်လည်း မဲရလဒ် မပြည့်မီခဲ့ချေ။

ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ပြိုင်ခဲ့သည့် ကရင်ပြည်သူ့ပါတီသည်လည်းကောင်း၊ ကိုယ်စားလှယ်လောင်း ၅ဦး ဝင်ပြိုင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီသည်လည်းကောင်း အလားတူ ဖြစ်သည်။ ကိုယ်စားလှယ်လောင်း ၄ ဦးစီ ဝင်ပြိုင်ခဲ့ကြသည့် ပြည်သူ့ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီရော ကိုယ်စားလှယ်လောင်း ၃ ဦးစီ ဝင်ပြိုင်ခဲ့ကြသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ဒီမိုကရေစီပါတီတို့ပါ သတ်မှတ် မဲရလဒ် မပြည့်မီခဲ့ပေ။ ကိုယ်စားလှယ်လောင်း ၂ ဦး ဝင်ပြိုင်ခဲ့သည့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီနှင့် ၁ ဦးစီသာ ဝင်ပြိုင်ခဲ့သည့် ဗမာပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့သည် ၎င်းအတိုင်းဖြစ်သည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ပြိုင်ခဲ့ရာတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ အတွက် ဝင်ပြိုင်သူ ကျိုက်မရောမြို့နယ်မှ အမတ်လောင်း တစ်ဦးတည်းသာ သတ်မှတ်မဲရလဒ်ထက် အနည်းငယ် ကျော်လွန်ကာ ၁၅ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် အာမခံကြေး ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်သည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာက ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင်ဦးရေ ၁၈ သိန်း ၄ သောင်းကျော်အနက် ၁၀ သိန်း ၆ သောင်းကျော် ဆန္ဒမဲ ပေးခဲ့ကြပြီး မဲပေးသူ ရာခိုင်နှုန်း ၅၇ ကျော်ရှိခဲ့သည်။ တိုင်းရင်းသားလူမျိုးအပါအဝင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက် မဲဆန္ဒရှင်ဦးရေ၂၈ သိန်းကျော်အနက် ၁၆ သိန်းကျော် မဲပေးခဲ့ကြသည်။

==

ပုံစာ – ရွေးကောက်ပွဲနေ့ မော်လမြိုင် မဲရုံတစ်ခုရှေ့ မြင်ကွင်းတစ်ရပ်။

 

Leave a Reply