မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်တွင် လစာဝင်ငွေ အခွန်ထမ်းဆောင်သူဦးရေ ၂၆၀ဝ ဦးကျော်ရှိကြောင်း မွန်ပြည်နယ် ပြည်တွင်း အခွန်ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ချိုချိုဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“တစ်လကို အနည်းဆုံး လစာကတော့ လေးသိန်းအထက်မှာ ရှိနေရမှာပေါ့၊ ဒီလောက် လစာဝင်ငွေရှိတဲ့သူမှ အခွန်ထမ်းရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
၂၀၁၄ ခုနှစ်မှ စတင်ကာ လစာဝင်ငွေ တစ်နှစ်ပတ်လုံး ၄၈ သိန်းအထက်ရှိသည့် လူတိုင်းကို ဝင်ငွေအခွန်စတင် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။

“လစာဝင်ငွေက အစကတည်းက ကောက်တာရှိတယ်၊ ဟိုတုန်းကဆိုရင် ဝင်ငွေဘယ်လောက်ရှိရှိ ပေးရတယ်။ အခုလို မဟုတ်တော့ဘူး၊ ဒီအခွန်ငွေတွေက ပြည်ထောင်စု ဥပဒေအရ ကောက်ခံတာဖြစ်တယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦးက ပြောဆိုသည်။

လက်ရှိတွင် ၂၀၁၆ ဇန်နဝါရီလကုန်ထိ ဝင်ငွေအခွန် စုစုပေါင်း ငွေကျပ်သန်း ၄၆၃၈ သန်းကျော် ၆၅ ရာခိုင်နှုန်း ကောက်ခံရရှိထားကြောင်း အခွန်ဦးစီးဌာနထံမှ သိရသည်။
“မွန်ပြည်နယ်မှာက အခွန်မထမ်းဆောင်တဲ့သူတွေ တော်တော်များနေတယ် ဒါပေမယ့် နှစ်စဉ်အခွန် ထမ်းဆောင်တဲ့ သူတွေတော့ရှိတယ်၊ အခုလို အခွန်တွေ တိုးလာတော့ ပြည်နယ်အတွက် အဆင်ပြေ လာနိုင်တယ်”ဟု မော်လမြိုင်မြို့နေ ဒေသခံ တစ်ဦးက ပြောဆိုသည်။

ထိုသို့ ကောက်ခံရရှိသော ဝင်ငွေအခွန်များမှ ငါးရာခိုင်နှုန်းကို ယခင်က သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးသွင်းခဲ့ရခြင်း ဖြစ်သော်လည်း ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ်လ ဒုတိယ ပတ်မှစ၍ ပြည်နယ်အစိုးရအဖွဲ့သို့ လွဲပြောင်းပေးသွင်းရကြောင်း သိရသည်။

Written by အဂ္ဂနန်

Leave a Reply