မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်မကျသေးဘဲ ဖွင့်လှစ်ထားသော အပန်းဖြေစခန်း သုံးခုနှင့် ရေပူစမ်းတစ်ခု ရှိ

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်အတွင်း လုပ်ငန်းလိုင်စင် မကျသေးဘဲ ဖွင့်လှစ်ထားသော အပန်းဖြေစခန်း သုံးခုနှင့် ရေပူစမ်းတစ်ခု ရှိကြောင်း ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဖေဖော်ဝါရီ ၂၅ရက်တွင် ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ မေးမြန်းသော မွန်ပြည်နယ်၌ ပြဋ္ဌာန်းထားသော အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ် ဥပဒေအမှတ် ၄/၂ဝ၁၅အရ အခန်း(၆)ပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက် မှတ်ပုံတင်ထားသော အပန်းဖြေစခန်း စာရင်း နှင့် သံဖြူဇရပ်မြို့နယ်ရှိ 21 Paradise ရေပူစမ်းအပန်းဖြေစခန်း နှင့် မော်လမြိုင်မြို့ရှိ Water World Mawlamyine အပန်းဖြေစခန်းတို့သည် တည်ဆဲဥပဒေအတိုင်း မှတ်ပုံတင်ဖွင့်လှစ်ထားခြင်း ရှိ မရှိ မေးခွန်းကို ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာအုပ်စု၊ ကော့ခိုက်ကျေးရွာရှိ Neo-More Myanmar Co.,Ltd အပန်းဖြေစခန်း နှင့် ကလေးကစားကွင်း၊ မော်လမြိုင်မြို့ မင်းရွာရှိ Water World Mawlamyine အပန်းဖြေစခန်း၊ မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်ရှိ မွန်မင်းလမ်း အပန်းဖြေစခန်း နှင့် သံဖြူဇရပ် ဝဲကလိကျေးရွာရှိ 21 Paradise ရေပူစခန်းတို့မှာ လိုင်စင်မကျသေးသော်လည်း ဖွင့်လှစ်ထားကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

“မုဒုံ ကော့ခိုက်က အပန်းဖြေစခန်းနဲ့ ကလေးကစားကွင်း၊ မော်လမြိုင် မင်းရွာက ဝါးတားဝေါလ်၊ သံဖြူဇရပ်က တွမ်တီဝမ်း ပါရာဒိုက်၊ သီရိမြိုင်က မွန်မင်းလမ်း အပန်းဖြေစခန်းတို့ကတော့ လိုင်စင်လျေှက်ထားဆဲပဲဖြစ်တယ်၊ လုပ်ငန်းလိုင်စင် မကျသေးပါဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် ပေါင်မြို့နယ် မုတ္တမမြို့ရှိ Family Word ကစားကွင်းမှာလည်း လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

လက်ရှိတွင် အဆိုပါလုပ်ငန်းများမှ လုပ်ငန်းရှင်များကို သတိပေးခြင်း နှစ်ကြိမ်ပြောကြားထားပြီဖြစ်သောကြောင့် နောက်တစ်ကြိမ်ပြောကြားခြင်းကို လိုက်နာမှုမရှိပါက ပြည်နယ်အစိုးရထံ တင်ပြပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

လုပ်ငန်းလိုင်စင်မကျသေးဘဲ စတင်ဖွင့်လှစ်ကာ လုပ်ကိုင်နေခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်း ဆောင်ရွက်ချက်များကို မလိုက်နာခြင်းဖြစ်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ဝါးတားဝေါလ် မော်လမြိုင်၊ တွမ်တီဝမ်း ပါရာဒိုက်တို့က ဖွင့်ထားတာ ကြာပါပြီ၊ ဒါပေမယ့် မွန်ပြည်နယ် အပန်းဖြေစခန်း တိရစ္ဆာန်ဥယျာဉ်နဲ့ ရုက္ခဗေဒဥယျာဉ် တို့ဟာ ဥပဒေအမှတ် ၄/၂ဝ၁၅၊ အခန်း (၆)ပါ ပြဋ္ဌာန်းချက်အရ လိုင်စင်မရသေးပါဘူး၊ ဒီလုပ်ငန်းတွေက ဥပဒေနဲ့အညီ ခွင့်ပြုချက်လိုင်စင်ရမှ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေပါ” ဟု ၎င်းက ပြောသည်။

ခွင့်ပြုချက်လိုင်စင်မရရှိဘဲ ဖွင့်လှစ်ထားသောကြောင့် ပြည်နယ်၏ ဝင်ငွေကို ထိခိုက်ရုံသာမက ဥပဒေအရ လိုက်နာမှုမရှိသောကြောင့် ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.