Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၈

မွန်ပြည်နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့် အိမ်ခြေနှစ်သိန်းကျော်ကျန်ရှိနေသေးကြောင်း ပြည်နယ်လျှပ်စစ်ဓာတ်အားဖြူန့်ဖြူးရေးဦးစီးဌာနမှ စာရင်းအရ သိရသည်။

ပြည်နယ်အတွင်း အိမ်ခြေ ၄၂၂,၆၁၂ အိမ်ရှိပြီး လျှပ်စစ်မီးရရှိပြီး အိမ်ခြေမှာ ၁၉၄,၂၆၀ အိမ်ရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၄၅ . ၉၇ ရှိကြောင်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသက်ပိုင်မျိုး က ပြောကြားသည်။

“မွန်ပြည်နယ်မှာ ၅ ပုံ၊ ၂ ပုံလောက်ပဲ ပေးနိုင်သေးတယ်။ ကျန်နေတဲ့ အိမ်ခြေတွေ ပေးဖို့ ဆောင်ရွက်နေတာရှိတယ်”ဟု ၎င်းင်းက ဆိုသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်ရောက်ရှိသည့်နေရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ရရှိသည့်အပေါ်မူတည်ပြီး ဓာတ်အားခွဲရုံများ တိုးချဲ့ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းင်းက ပြောသည်။

“မြို့ပေါ်မှာ မီးမရတာ သိပ်မရှိဘူး၊ အဓိကနယ်ဘက်မှာပဲ ကျန်တာရှိတယ်။ အခုလည်း မီးပေးဖို့ ခွဲရုံတွေ တိုးချဲ့တာရှိတယ်”ဟု ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောသည်။ တချို့နိုင်ငံတော် ဓာတ်အားဖြန့်ဖြူးရေးစနစ် မရောက်ရှိသေးသည့် နေရာဒေသများတွင် ပုဂ္ဂလိကဓာတ်အားပေး စက်ရုံနှင့် လျှပ်စစ်မီးပေးရန် အစီအစဉ်ရေးဆွဲလျက်ရှိကြောင်း၊ ဓာတ်အားခနှုန်းထား ကွာခြားမှုရှိနိုင်ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားသည်။

“သံဖြူဇရပ်တောင်ပိုင်းနဲ့ ရေးမြို့နယ် မီးပေးဖို့အတွက် အခုပုဂ္ဂလိကကုမ္ပဏီတစ်ခုနဲ့ ဆောင်ရွက်ထားတယ်။ တခြားရပ်ကွက်ကျေးရွာတွေအတွက်က နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ခွဲရုံတိုးချဲ့ဖို့ရှိတယ်”ဟု ယင်းက ဆိုသည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ် ဆယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံများ ၆၆ KV၊ ၃၃ KV၊ ၁၁ KV စသဖြင့်တိုးချဲ့တည်ဆောက်ရန်ရှိကြောင်း ပြည်နယ်လျှပ်စစ်ရုံးမှ သိရသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် အိမ်ထောင်စုများ၏ ၃၅.၇% မှာအလင်းရောင်အတွက် လျှပ်စစ်မီးကို အဓိကအသုံးပြုကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၃၂.၄% အသုံးပြုကြကြောင်း သိရှိရသည်။

အဂ္ဂနန်

Advertisements
<

Leave a Reply