ကျိုက်မရော(မော်လမြိုင်) အကျဉ်းထောင်မှ အကျဉ်းသား ၁၀၆ ဦးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ (april 27,2018)
မော်လမြိုင် ဧပြီ ၁၉
မွန်ပြည်နယ်တွင် အကျဉ်းထောင် ၂ခု ကုန်ထုတ်စခန်း ၇ခုမှ အကျဉ်းသား ၉၂၉ ဦးကို ဧပြီလ ၁၇ရက် (နှစ်ဆန်းတစ်ရက်နေ့)၌ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ကျခံနေသူများ ထက်ဝက်နီးပါး ပါဝင်ကြောင်း ပြည်နယ်အကျဉ်းဦးစီးမှူး ကိုယ်စား မော်လမြိုင် အကျဉ်းထောင်မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ချိုက ပြောကြားသည်။
လွတ်ငြိမ်းချမ်းသာခွင့်ရသောသူများတွင် အများစုသည် မူးယစ်ဆေးဝါး သုံးစွဲရန်အလိုဌာ လက်ဝယ်တွေ့ရှိမှုဖြင့် အကျဉ်းကျနေသူများနှင့် ပြစ်မှုပြစ်ဒဏ် မမျှ၍ ကျခံနေသူများ ပါဝင်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် မော်လမြိုင်အကျဉ်းထောင်မှ အကျဉ်းသား ၃၄၆ ဦး အကျဉ်းသူ ၁၇ဦး နှင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄၃ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း ဆက်လက်ပြောသည်။
“နှစ်သစ်ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ချွင်းချက်မရှိ လွှတ်ပေးတာဖြစ်တဲ့အတွက် အနှောင်အဖွဲ့မရှိပါဘူး။ စုစုပေါင်း အမျိုးသား ၈၆၆ ဦးနဲ့ အမျိုးသမီး ၆၃ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရပါတယ်”ဟု ၎င်းက ပြောသည်။
ကုန်ထုတ်စခန်း (ကျောက်ထုတ်စခန်း)များဖြစ်သော မုပ္ပလင်စခန်းမှ အကျဉ်းသား ၈၅ဦး အကျဉ်းသူ ၄၆ ဦး တောင်စွန်းစခန်းမှ ၁၀ဦး အင်္ဂပူစခန်းမှ ၉၇ ဦး ရင်းငြိမ်စခန်းမှ ၅၄ ဦး ဇင်းကျိုက်စခန်းမှ ၈၆ ဦး အင်းမြောင်စခန်းမှ ၁၄၅ဦး လွှတ်ပေးခဲ့ကြောင်းဆက်လက် ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ရသောသူများတွင် အများစုသည် မူးယစ်ဆေးဝါး သုံးစွဲမှု (သို့မဟုတ်) သုံးစွဲရန်အလိုဌာ လက်ဝယ်တွေ့ရှိမှုဖြင့် အကျဉ်းကျနေသူများဖြစ်ကြောင်း ထပ်မံပြောသည်။
ဧပြီလ ၁၇ရက်တွင် နိုင်ငံတော် သမ္မတရုံးမှ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေး နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင် အကျဉ်းစခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား အကျဉ်းသူ ၉၅၃၅ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ေကြာင်း ထုတ်ပြန်ခဲ့သည်။
မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင် သထုံ နှင့် ကျိုက်မရောမြို့နယ်တို့တွင်သာ အကျဉ်းထောင်ရှိပြီး ကုန်ထုတ်စခန်း ၈ခု နှင့် ရော်ဘာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း ၁ ခုရှိကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနစာရင်းအရ သိရသည်။
Written by တေဇ

Leave a Reply