မော်လမြိုင်၊ ဖေဖော်ဝါရီ

မွန်ပြည်နယ်အတွင်း၌ သံဖြူဇရပ်အပါအဝင် မြို့နယ်သုံးခုတွင် နှစ် ၃၀ မြေငှားဂရန်များ ထုတ်ပေးရန် လက်ရှိအခြေအနေတွင် မြေနယ်နိမိတ်တိုင်းတာမည့် စက်ကိရိယာများ ဝယ်ယူရန် တင်ဒါခေါ်ယူပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ကနဦးအနေဖြင့် သံဖြူဇရပ်၊ ဘီးလင်း၊ မုဒုံမြို့နယ်တို့ကို မြေဂရန်ထုတ်ပေးရန် ဦးစားပေးလျာထားပြီး ပြည်နယ်အတွင်းမှ ကျန်မြို့နယ် ၇ ခုကိုလည်း ယခုအစိုးရသက်တမ်းအတွင်း အဆိုပါဂရန်ထုတ်ပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးက ဆိုသည်။

“အခု မြေတိုင်းတာတဲ့ စက်ကလည်း မလုံလောက်တော့ တင်ဒါကော်မတီတွေက စည်းမျဉ်း စည်းကမ်း သတ်မှတ်ပြီးရင် တင်ဒါခေါ်မယ်။ စက်ကိုရရှိပြီးရင် အရင်ဦးဆုံး မြို့နယ်သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိတယ်။ ကျန်တဲ့မြို့နယ်တွေကို အစိုးရသက်တမ်းမကုန်ခင်တော့ ပြုလုပ်သွားမယ်”ဟု ၎င်းကပြောသည်။

မြေဂရန် ရရှိရေးအတွက် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားမှုကို လုပ်ထုံးလုပ်နည်း၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့မြေငှားဂရန် ထုတ်ပေးမှုကို ဘဏ္ဍာနှစ်အလိုက် သတ်မှတ်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်အောင်က ရှင်းပြသည်။

“တိုင်းတာမှုပြီးသွားရင် ဂရန်ကို ထုတ်ပေးဖို့အတွက် ပိုင်ဆိုင်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ တရားဝင်ထုတ်ပြန်ပေးမယ်။ ပိုင်ဆိုင်မှုထုတ်ပြန်ပြီးရင်တော့ သက်ဆိုင်သူ ကာယကံရှင်ကိုယ်တိုင်က လာရောက်လျှေက်ထားရမယ်” ဟု ယင်းကဆိုသည်။

ယခုအခါ သံဖြူဇရပ်မြို့နယ်ရှိ ရပ်ကွက်နှစ်ခုကို မြေတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်ရှစ်ခုကို စက်ပစ္စည်းများ ရရှိလာပါက ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးထံမှ သိရှိရသည်။

Written by ခင်နန်းဌေး

Leave a Reply