တစ်နှစ်အတွင်း မွန်ပြည်နယ်တွင် အခွန်တံဆိပ်ခေါင်း ကပ်မရောင်းသည့် စားသောက်ဆိုင် ခြောက်ဆိုင်ကို ဒဏ်ငွေရိုက် အရေးယူထားကြောင်း မွန်ပြည်နယ် ပြည်တွင်းအခွန်ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ချိုချိုဦးက ပြောကြားသည်။

ယခင်နှစ် ဧပြီလမှ ယခုနှစ် မတ်လအတွင်း အခွန်တံဆိပ်ခေါင်း ကပ်မရောင်း၍ ဒဏ်ငွေရိုက်ခံရသည့် ဆိုင်များ၌ မော်လမြိုင်မြို့နယ်တွင် လေးဆိုင်နှင့် ကျိုက်ထိုမြို့နယ်တွင် နှစ်ဆိုင်ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်

“ဆိုင်တော်တော်များများက မကပ်ချင်ကြဘူး၊ နားလည်းအောင် ပြောပြပြီး ကပ်ခိုင်းနေရတယ်၊ ကပ်ဖို့ စည်းရုံး နေရတယ်၊ မနှစ်ကစာရင် တော်တော်များများ ကပ်လာကြတယ်”ဟု ၎င်းက ဆိုသည်။

အခွန်တံဆိပ်ခေါင်း ကပ်မရောင်းသည့် ဆိုင်များကို ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက နှစ်သိန်း၊ ဒုတိယအကြိမ်တွင် ငါးသိန်း၊ တတိယအကြိမ်တွင် ခုနစ်သိန်း၊ စတုတ္ထအကြိမ်တွင် ၁၀ သိန်းကျပ်အပြင် တစ်ကြိမ်ပျက်ကွက်တိုင်း ၁၀ သိန်းစီ ထပ်မံ ဒဏ်ရိုက်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် ပြေစာ အခွန်တံဆိပ်ခေါင်း ကပ်မရောင်းသည့် ဆိုင်များကို ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပြီး တံဆိပ်ကပ် ရောင်းချရန် စည်းရုံးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ တွေ့ရသလောက်ရှိ အခွန်တံခွန်ခေါင်းကပ်ပြီး ရောင်းချတဲ့ ဆိုင်တွေက တော်တော်လေး နည်းနေသေးတယ်၊ အဓိကကတော့ ဒဏ်ရိုက်မှုတွေကို များများလုပ်သွားရင် ကပ်လာကြမယ်”ဟု မော်လမြိုင်မြို့ ဒေသခံ တစ်ဦးက ဆိုသည်။

အခွန်တံဆိပ်ခေါင်း ကပ်မရောင်းသည့် ဆိုင်များ တွေ့ရှိပါက ဒေသခံများအနေဖြင့် ပြည်တွင်း အခွန်ဦးစီးဌာန ရုံးတွင် လာရောက် တိုင်ကြားနိုင်ပြီး လာရောက်တိုင်ကြားသူများကို လျို့ဝှက်ပေးထားမည်ဖြစ်ကြောင်း ဒေါ်ချိုချိုဦးက ပြောဆိုသည်။

တိုင်ကြားမှုတိုင်းအတွက် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Written by – ဇော်ထိုက်

Leave a Reply