Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်တွင် ယခုနှစ် ဧပြီလမှ နိုဝင်ဘာလလယ် အထိ ခုနှစ်လကျော် ကာလအတွင်း အခွန်တံဆိပ်ခေါင်း ကပ်နှိပ် ရောင်းချခြင်း မရှိသည့် စားသောက်ဆိုင် ခြောက်ဆိုင်ကို ဒဏ်ငွေရိုက် အရေးယူ ထားကြောင်း မွန်ပြည်နယ် ပြည်တွင်း အခွန်များ ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမျိုးကိုက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အခွန်တံဆိပ်ခေါင်း ကပ်နှိပ်မရောင်းသည့် စားသောက်ဆိုင်များကို ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ကျပ် နှစ် သိန်း ၊ ဒုတိယ အကြိမ် ကျပ်ငါး သိန်း၊ တတိယအကြိမ် ကျပ် ခုနှစ် သိန်း၊ စတုတ္ထအကြိမ် ကျပ် ၁၀ သိန်း အပြင် တစ်ကြိမ် ပျက်ကွက်တိုင်း ကျပ် ၁၀ သိန်းစီ ထပ်မံ ဒဏ်ရိုက်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

“ကျွန်တော်တို့ အခွန်ဦးစီးဌာနက စားသောက်ဆိုင်တွေရဲ့ ပြေစာတွေမှာ အခွန်တံဆိပ်ခေါင်း ကပ်ရောင်းဖို့ တံဆိပ်တွေ ထုတ်ထား ပေးတယ်၊ စားသောက်ဆိုင် တွေက ပြေစာ အခွန် တံဆိပ်ခေါင်း ကပ်ဖူးဆိုရင် ပြည်နယ်အတွက် ရသင့် ရထိုက်တဲ့ အခွန်တွေက ဆိုင်တွေဆီ ပါသွားမယ်၊ ဒါကြောင့် ပြည်သူတွေက ဆိုင်တွေမှာ အခွန်တံဆိပ်ခေါင်း ကပ် မကပ်ကို တိုင်ကြား ပေးပါ တိုက်တွန်းချင်တယ် ” ဟု ဦးမျိုးကိုက ဆိုသည်။

ဒဏ်ငွေရိုက် အရေးယူထားသည့် ဆိုင်များတွင် မော်လမြိုင်မြို့နယ်မှ လေး ဆိုင် ၊ သထုံမြို့နယ်မှ နှစ် ဆိုင်ဖြစ်ပြီး၊ တစ်ဆိုင်လျှင် ပထမအကြိမ်အတွက် ဒဏ်ငွေ နှစ်သိန်းစီ ဒဏ်ရိုက်ထားကာ အခွန်တံဆိပ်ခေါင်း တန်းဖိုး အပါအဝင် ၁၂ သိန်းကျော် ဒဏ်ရိုက်ထားကြောင်း ၎င်းက ပြောသည်။

ပြည်သူများ အနေဖြင့် မိမိ စားသုံးနေသော စားသောက်ဆိုင်များတွင် အခွန်တံဆိပ်ခေါင်း ကပ်နှိပ် ရောင်းချခြင်း မရှိကြောင်း စိစစ်တွေ့ရှိပါ မြို့နယ် ပြည်တွင်း အခွန်ဦးစီးဌာန များ၌ တိုင်ကြားနိုင်ပြီး၊ တိုင်ကြားသူများ၏ အမည်ကို လျိုဝှက် ပေးထားမည့် အပြင် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဆုတော်ငွေ အဖြစ် ပြန်လည် ချီးမြှင် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခွန် တံဆိပ်ခေါင်း ကပ်မရောင်းတဲ့ ဆိုင်တွေက မော်လမြိုင်မြို့ပေါ်မှာလည်း အများကြီးရှိနေသေးတယ်၊ Oacen လို နေရာမျိုးမှာပဲ တံဆိပ်ခေါင်း ကပ်ပြီးရောင်းတာ တွေ့နေရတယ်၊ ဆိုင်တွေကို ဒဏ်ငွေတိုး လိုက်ရင်တော့ သူတို့ မကပ်ပဲ နေရဲတော့မှ မဟုတ်ဘူး”ဟု မော်လမြိုင်မြို့နေ ကိုဇော်ဇော်က ဆိုသည်။

ယခင်နှစ် ၂၀၁၆ ၌လည်း မွန်ပြည်နယ်တွင် အခွန်တံဆိပ်ခေါင်း ကပ်နှိပ် ရောင်းချခြင်း မရှိသည့် စားသောက် ခြောက် ဆိုင်ကို ဒဏ်ငွေ ရိုက် အရေးယူ ခဲ့ရာ မော်လမြိုင်မြို့နယ် လေး ဆိုင်နှင့် ကျိုက်ထိုမြို့နယ် နှစ် ဆိုင် ပါဝင်ကြောင်း မွန်ပြည်နယ် ပြည်တွင်း အခွန်များ ဦးစီးဌာန မှတ်တမ်းများ အရ သိရသည်။

ဇော်ထိုက်

Advertisements
<

Leave a Reply