မွန်ပြည်နယ်တွင် အမြဲတမ်းနေထိုင်ခြင်းမရှိသည့် ယာယီရွှေ့ပြောင်းလုပ်သားများကို အိမ်ထောင်စုစာရင်းများ ထုတ်ပေးမည်မဟုတ်ဘဲသာမန်ရွှေ့ပြောင်းလုပ်သားများကိုသာထုတ်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

la

စည်ပင်သာယာမြေနှင့် သစ်တောကြိုးဝိုင်း ကဲ့သို့သောအစိုးရဌာနပိုင်မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများကိုယာယီရွှေ့ပြောင်းလုပ်သားများအဖြစ်သတ်မှတ်ထားပြီးယင်းလုပ်သားများကိုအိမ်ထောင်စုစာရင်းမထုတ်ပေးဘဲနေထိုင်ကြောင်းမှတ်တမ်းသာကောက်ယူမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ထို့အတူလုပ်ငန်းရှင်များထံ၌ နေထိုင်သူနှင့် မိမိငွေကြေးဖြင့် အိမ်ငှားရမ်းနေထိုင်သူများကိုသာမန်ရွှေ့ပြောင်း လုပ်သားများအဖြစ်သတ်မှတ်ထားပြီး အဆိုပါလုပ်သားများကိုမူ ကာယကံရှင်၏ဆန္ဒအပြင် လုပ်ငန်းရှင်ထံမှ နေထိုင်ကြောင်းတရားဝင်ခွင့်ပြုချက်ရှိမှသာ အိမ်ထောင်စုစာရင်းကို စိစစ်ထုတ်ပေးမည်ဖြစ်ကြောင်း၎င်းက ရှင်းပြပြောကြားသည်။

ထို့ပြင်ရွှေ့ပြောင်းလုပ်သားများသည် ယခင်နေထိုင်ခဲ့သောဒေသတွင်အိမ်ထောင်စုစာရင်းများရှိနေပြီးလက်ရှိအလုပ်လုပ်ကိုင်ရာဒေသ၌ အခြေချနေထိုင်မည်ဆိုပါကယခင်စာရင်းကိုပယ်ဖျက်ပြီးမှသာလျှင် အိမ်ထောင်စုစာရင်းအသစ်ကိုထုတ်ပေးမည်ဖြစ်ကြောင်းမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။

“ဒါက ကျွန်တော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ် မည်သူမဆိုတစ်နေရာတည်းမှာပဲအိမ်ထောင်စုစာရင်းတစ်ခုပဲရှိရမယ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ခုပဲရှိရမယ်”ဟုမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်းက ဖြည့်စွက်ပြောဆိုသည်။

လက်ရှိတွင် ရွှေ့ပြောင်းလုပ်သားများကိုအိမ်ထောင်စုစာရင်းထုတ်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ ပြန်လည်ရုပ်သိမ်းပေးပါရန် မွန်အမျိုးသားပါတီကအချက် ၈ ချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာကိုမွန်ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့ထားသည်။

ရွှေ့ပြောင်းလုပ်သားများကိုအိမ်ထောင်စုစာရင်းထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ၏ နောက်ကွယ်၌ မည်သည့်နိုင်ငံရေးရည်ရွယ်ချက်များရှိနေသည်ကို နိုင်ငံရေးအဖွဲ့အစည်းများ၊ မွန်လူမှုအဖွဲ့ အစည်းများနှင့် မွန်ပြည်သူများအားလုံးက မေးခွန်းထုတ်စရာဖြစ်နေကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမ က ပြောသည်။

ထို့ပြင် အိမ်ထောင်စုစာရင်းအသစ်ထပ်မံထုတ်ပေးခြင်းဖြင့် လက်ခံရရှိသူရွှေ့ပြောင်းလုပ်သားများတွင် အိမ်ထောင်စုစာရင်းနှစ်စောင်ရရှိသွားမည်ဟုနားလည်ရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ကိုက်ညီမှုမရှိဟုယူဆကြောင်းမွန်အမျိုးသားပါတီကမွန်ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့သဘောထားကတော့ ခုနကတစ်စောင်အဖြစ်သွားမှာဆိုတာကဒါကတစ်ပိုင်း၊ အကယ်၍ နှစ်စောင်အဖြစ်မခံဘဲနဲ့ သဘောအားဖြင့် တစ်စောင်ပဲဖြစ်စေရမယ်ထားဦး၊ ဒါလည်းပြည်နယ်အစိုးရအနေနဲ့ စီမံချက်တစ်ရပ်အနေနဲ့ မလုပ်သင့်ဘူး”ဟုမွန်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး နိုင်လယိတမကထပ်လောင်းပြောဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့သည် ရက်(၁၀ဝ) စီမံချက်အရသစ္စာစီမံချက်အမည်ဖြင့် ပြည်နယ်အတွင်းရောက်ရှိနေသောရွှေ့ပြောင်းလုပ်သားများကိုအိမ်ထောင်စုစာရင်းအသစ် ထုတ်ပေးမည်ဖြစ်ကြောင်းမေလ ၃၁ ရက်နေ့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းတင်ပြခဲ့သည်။

လက်ရှိမွန်ပြည်နယ်တွင် စာရင်းကောက်ထားသည့် ရွှေ့ပြောင်းလုပ်သားဦးရေသည် ၉၀ဝ၀ ကျော်သာရှိပြီးယင်းလူဦးရေထဲမှ လဝကမှ စိစစ်ပြီးချက်အရအိမ်ထောင်စုဦးရေ ၂၀ ဝန်းကျင်ကိုသာ အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်မည်ဖြစ်ကြောင်းမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။

Leave a Reply