မော်လမြိုင် ၊ ဇွန်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် H1N1ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိ လူနာတစ်ဦးကို ရန်ကင်းကလေးဆေးရုံသို့ပိုဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ H1N1 ရောဂါ ကူးစက်ခံရသည်ဟု  သံသယရှိသူမှာ တစ်နှစ် သုံးလ အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်းအဆိုပါ ဌာန ထံမှ သိရှိရသည်။

ယင်းကလေးငယ်ကို မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနကဇွန်လ ၂၀ ရက်နေ့တွင် ဘီးလင်းမြို့နယ်ထိကွင်းဆင်း သွားရောက်ကြည်ရှုခဲ့ပြီး မစိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်ကဆိုသည်။

“ရောဂါဖြစ်တယ်ဆို မြို့နယ်အားလုံးစုံစမ်းထောက်လှမ်းပြီးတစ်ရက်တစ်ခါရုံးချုပ်သို့ပြန်တင်ပြဖို့ ညွန်ကြားထားတယ်မဖြစ်ဘူး။ မဖြစ်တဲ့အကြောင်းတင်ပြခိုင်းထားတယ်၊နေ့တိုင်းပို့ရတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါရောဂါသည်ရာသီပေါ်တုပ်ကွေးတစ်ခုသာဖြစ်ပြီး ပြည်သူများအနေနှင့် စိုးရိမ်စရာ မလိုအပ်ကြောင်း ဒေါက်တာ ထွန်းအောင်ကြည်က  ထပ်လောင်းပြောကြားသည်။

“ဒါကတော့ ရာသီတုပ်ကွေးလိုပဲပေါ့။ ဖြစ်တတ်တယ် အဲ့တော့သိပ်မကြောက်ဖို့ဖြစ်ခဲ့ရင်လည်း လူနာကိုယ်တိုင်ကာကွယ်ရမယ့် နည်းလမ်းတွေကိုလိုက်နာရမယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါကလေးငယ်သည် ဇွန်လ ၁၁ ရက်နေ့က ရာသီတုပ်ကွေးကြောင့် အသက်ရှူမဝသဖြင့် ဘီးလင်း ဇုတ်သုတ်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသမှုခံပြီး သက်သာလာခြင်း မရှိသဖြင့် ဇွန်လ ၁၂ ရက်နေ့တွင်မော်လမြိုင်ဆေးရုံသို့တက်ရောက် ဆေးကုသမှုခံယူနေစဉ်H1N1 ရောဂါကူးစက်ခံနေသည်ဟု သံသယရှိသဖြင့် ရန်ကင်းကလေးဆေးရုံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းမွန်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနထံမှသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တို့မှ လူ ၃ ဦး H1N1 ရောဂါကြောင့် သေဆုံးသွားကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထို့အပြင် သံသယဖြစ်သူ ၂၀ ဦးရှိပြီး ၁၃ ဦးတွင် ရောဂါကင်းစင်ကြောင်း ၊ ၇ ဦးတွင် ရောဂါပိုး တွေ့ရှိရပြီး ၃ ဦးမှာ သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရှိရသည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Leave a Reply